ပခုက္ကူ-၂၀၂၄ ဇွန် ၅ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်နဲ့ပခုက္ကူမြို့နယ်အစပ်က ကံမြင့်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ မနက်၉:၀၀နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲကာ တိုက်ခိုက်ခဲ့တာကြောင့် အသက်လေးအရွယ်ကလေးတစ်ဦး၊ အမျိုးသမီးသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
“လေယာဉ်ကြဲတော့ ပြည်သူအိမ်နှစ်လုံးပေါ်ကျတာ၊အိမ်ထဲမှာလူတွေရှိနေတော့၊ပြည်သူထိတာ ဆယ်ယောက်ကျော်တယ်”လို့ Thu Rain အဖွဲ့ခေါင်းဆောင် ကိုသူရိန်ကပြောပါတယ်။
သေဆုံးသွားသူတွေထဲမှာ လေးနှစ်အရွယ်ယောကျာ်းလေးတစ်ဦး၊ အသက် ၆၀ အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးနှစ်ဦးပါဝင်ပါတယ်။
ဒါအပြင် သေဆုံးတဲ့သူတွေအပြင် ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့တယ်လို့ ကိုသူရိန်ကပြောပါတယ်။
” တစ်ယောက်ဆိုရင် သူ့အိမ်ကနေ ဘုန်းကြီးကျောင်းဘေးက ဇရပ်ပေါ်မှာသွားတင်နေတယ်၊ မျက်နှာတွေလည်းမသဲကွဲတော့ဘူး၊ခန္ဓာကိုယ်တွေလည်းအကုန်ပေါက်ထွက်ကုန်တယ်၊ ဒဏ်ရာရတဲ့ထဲကတစ်ယောက်တော့မျက်နှာတွေကောလက်တွေကောထိထားတယ်၊နောက်တစ်ယောက်ဆိုရင်ခြေထောက်ကလုံးဝကိုကျိုးသွားတယ်၊သေသွားတဲ့ထဲက အန်တီဆိုရင် ခေါင်းမရှိတော့ဘူး၊ခြေလက်မရှိတော့ဘူးဆံပင်ပဲရှိတော့တယ်”လို့ သူကပြောပြပါတယ်။
ကံမြင့်ကုန်းကျေးရွာနဲ့ နှစ်မိုင်အကွာမှာ ဒီဖြစ်ရပ်မဖြစ်ခင် တစ်ရက်က စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ အီနာဂါဗုံးချတိုက်ခိုက်ခဲ့တာကလွဲရင် မြေပြင်တိုက်ပွဲတွေမရှိဘူးလို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်လေကြောင်းသုံးတိုက်ခိုက်တာကြောင့်ကံမြင့်ကုန်းရွာကနေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး အခုလက်ရှိ ကျေးရွာကဒေသခံတွေတိမ်းရှောင်နေရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဇွန် ၄ ရက်ထိ အာဏာသိမ်းစစ်တက်နဲ့လက်ပါးစေတွေရဲ့လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၅,၂၀၀ ကျော်ရှိလာပါပြီ။
ပုံစာ – ကံမြင့်ကုန်းရွာ ဗုံးကြဲတိုက်ခိုက်ခံစဉ် သေဆုံးသူတို့၏ ရုပ်အလောင်းများ
ဓာတ်ပုံ – Supplied

