စကစကျောင်းတွေမှာကျောင်းအပ်နှံဖို့ ငွေကြေးတောင်းနေတာတွေရှိနေ

စကစကျောင်းတွေမှာကျောင်းအပ်နှံဖို့ ငွေကြေးတောင်းနေတာတွေရှိနေ

ရန်ကုန် – ၂၀၂၄ ဇွန် ၃ (မော်ကွန်း)

ရန်ကုန်ကကျောင်းတချို့မှာ ကျောင်းသားသစ်နဲ့ ကျောင်းအပ်နောက်ကျသူတချို့ကို ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က မော်ကွန်းကို ပြောပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ သားဖြစ်သူကို သူငယ်တန်းသွားအပ်နှံခဲ့တဲ့ မိဘတစ်ဦးကတော့ ကျောင်းဝင်ခွင့်ရဖို့ ငွေကျပ်သုံးသိန်းအထိ တောင်းခံတာကို ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။

သူ့ရဲ့သားဟာ အသက်ငါးနှစ်ပြည့်ဖို့ တစ်လကျော်လိုနေသေးတဲ့အတွက် လက်မခံနိုင်ဘူးလို့ ငြင်းဆိုတာကြောင့် ပြေလည်စေဖို့ ပေးခဲ့ရတာလို့ အဲဒီကျောင်းသားမိဘက ပြောပါတယ်။

“ အခြားကျောင်းသားတွေလည်း ပေးရတယ်။ မပေးရင် မတက်ရဘူးဆိုတော့ ညှိပြီး နှစ်သိန်းခွဲပေးလိုက်ရတယ်။ အခုမှ KG တက်မယ့်ကလေးကို ဖြစ်သင့်လား” လို့ သူက မော်ကွန်းကို ပြောပါတယ်။

ရန်ကုန်က တခြားမြို့နယ်တွေက ကျောင်းတချို့မှာလည်း ကျောင်းအပ်နောက်ကျသူတွေ၊ မြို့နယ်ကျော်ကာ ကျောင်းပြောင်းသူ တွေကို စကစ စာသင်ကျောင်းတွေက ငွေကြေးတောင်းတာရှိနေပြီး ကလေးတစ်ဦးကို ငွေကျပ် တစ်သိန်းခွဲကနေ နှစ်သိန်းအထိ ပေးနေရတယ်လို့ မိဘတချို့က ဆိုပါတယ်။

ရန်ကုန်၊ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ကျောင်းသားမိဘတစ်ဦးက သူတို့မြို့နယ်က မူလတန်းကျောင်းမှာ သူ့ကလေးကို ကျောင်း သွားအပ်တဲ့အခါ နောက်ကျတဲ့အတွက် လက်မခံဘူးလို့ ငြင်းဆိုတာကြောင့် ငွေကျပ်တစ်သိန်းခွဲပေးမှ ပြေလည်ခဲ့တယ်လို့ ပြောပြပါတယ်။ တစ်သိန်းခွဲမပေးခင် ငါးသောင်းကျပ် ပေးကြည့်ရာမှာ ကျောင်းဘက်က ငြင်းဆန်တယ်လို့ သူက ပြောတယ်။

“ ကျောင်းဖွင့်တဲ့နေ့မှ လာအပ်လို့ဆိုပြီး လက်ခံလို့ မရတော့ဘူးပြောတယ်။ ဆရာမကြီးကို နည်းနည်းပါးပါး ကန်တော့ လိုက်ဆိုပြီး တစ်သိန်းခွဲ ကန်တော့ခဲ့ရတယ်” လို့ ဒီနေ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို သူက ပြောပါတယ်။

ကျောင်းသားဟောင်းတွေကို ပုံမှန်အတိုင်း အပ်ခံပေမယ့် ကျောင်းစတက်ရမယ့်ကလေးတွေ၊ မြို့နယ်ပြောင်း ကျောင်းသား တွေကို စာသင်ကျောင်းတွေက ငွေကြေးတောင်းခံတာတွေ လုပ်နေတာလို့ ကြုံရတဲ့ မိဘတချို့က ပြောပါတယ်။

စစ်ကောင်စီထံမှာ ကျောင်းဆရာမအဖြစ် ဆက်လက်မလုပ်ကိုင်လိုတဲ့ CDM အထက်တန်းပြ ဆရာမတစ်ဦးကတော့ ဒီလို ငွေကြေးတောင်းခံတာတွေဟာ နည်းတာ၊ များတာပဲကွာဟပြီး စာသင်ကျောင်းတွေမှာ ယခင်ကတည်းကရှိနေတဲ့ လုပ်ပုံလုပ်နည်းလို့ ပြောပါတယ်။

“ ကျောင်းပြောင်းတာတို့၊ ကျောင်းသားသစ်လက်ခံတာတွေမှာ အဲဒီလိုကိစ္စတွေက ဟိုတုန်းကလည်း ရှိပါတယ်။ အခုနောက်ပိုင်းတော့ ပိုပြီးရှိလာနိုင်တယ်။ တောင်းနေတာ မြင်နေရတာပဲလေ” လို့ သူက ပြောပါတယ်။

ဒီစာသင်နှစ်အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေက စာသင်ကျောင်းတွေမှာ ကျောင်းသား ၆ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက သူတို့ ဝါဒဖြန့်ချိရေးသတင်းစာကတစ်ဆင့် ထုတ်ပြန်ထားပါတယ်။

ကျောင်းအပ်နှံမှုကို မေလနောက်ဆုံးအပတ်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ ကျောင်းတွေ စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ ဖြန့်ဝေပေးပြီး မူလတန်းအဆင့်ကျောင်းသားတွေကို ကျောင်းဝတ်စုံတွေပါ အခမဲ့ဖြန့်ဝေပေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းတွေမှာ စနစ်သစ်ဖြစ်တဲ့ Great -12 စနစ် သင်ရိုးကို မနှစ်က စတင် သင်ကြားနေပြီး ကျောင်းအပ်နှံမှုနှုန်းဟာ ယခင်အာဏာမသိမ်းခင်က ၁၀ သန်းကျော် ရှိရာကနေ ကျောင်းတက်နှုန်း သန်းနဲ့ချီ လျော့လာတာလည်း ဖြစ်ပါတယ်။

ပုံစာ – ဒီနေ့မနက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့လယ်က အခြေခံပညာစာသင်ကျောင်းတစ်ခုရဲ့ မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."