မော်လမြိုင်-၂၀၂၄ မေ ၂၃ (မော်ကွန်း)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား ဒီနေ့မနက် ၅:၀၀ ဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံရလို့ တစ်ဦးသေပြီး သုံးဦးဒဏ်ရာရသလို ကားလမ်းတွေလည်းပိတ်သွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
“တံတားက လုံးဝကျိုးသွားတော့ တံတားပေါ်သွားလာနေတဲ့ ဆိုင်ကယ်သုံးစီးနဲ့ လူလေးဦး ပြုတ်ကျသွားတာ။ တစ်ယောက်က သေသွားတယ်။ ကျန်တဲ့သုံးယောက်က ဒဏ်ရာပြင်းထန်တယ်။ဘီးလင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်။ လမ်းပိုင်းကတော့ တံတားကျိုးသွားလို့ ကားတွေပိတ်နေတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
မစောတံတားဟာ ဘီးလင်းနဲ့ကျိုက်ကော်ကြား တောင်ကလေးရွာအနီးမှာရှိပြီး အခုလ ၁၁ ရက်က ထပ်မံမိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားအနီးမှာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မစောတံတားကို ဘယ်အဖွဲ့ကမိုင်းထောင်ဖျက်ဆီးခဲ့တယ်ဆိုတာ မသိရသေးသလို အဲဒီတံတားအနီးမှာလည်း ကားတွေပိတ်ဆို့နေပြီး ကားသေးတချို့ကတော့ ကျေးရွာချင်းဆက်လမ်းတွေကနေ သွားဖို့လုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အခုလ ၁၁ ရက်ကလည်း ကျုံအိတ်တံတားမိုင်းခွဲခံရလို့ ကုန်ကားတွေနဲ့ ယာဉ်လိုင်းတွေဟာ ကျေးရွာချင်းဆက်လမ်းတွေကနေ သွားခဲ့ရပြီး တိုက်ပွဲတွေကြောင့် ရွာချင်းဆက်လမ်းပိုင်းတွေမှာလည်း မကြာခဏ လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။
ပုံစာ-ဒီနေ့မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရတဲ့ မစောတံတားနဲ့ ထိခိုက်သေဆုံးသူတချို့။
ဓာတ်ပုံ-ဘုရားသုံးဆူသတင်းပေါင်းစုံ။

