ရန်ကုန် – ၂၀၂၄ မေ ၁၆ (မော်ကွန်း)
ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့မြို့နယ်တွေက ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မူးယစ်ဆေးဝါးတွေနဲ့အတူ လူငယ်တချို့ကို ယခုလအတွင်း ဖမ်းဆီးခဲ့တာရှိပြီး အဲဒီလူငယ်တွေကို စစ်သင်တန်းပို့လွှတ်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက မော်ကွန်းကိုပြောပါတယ်။
တချို့လူငယ်တွေဟာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိတယ်ဆိုကာ ဖိအားပေးလာတာကြောင့် ရွေးချယ်စရာမရှိတဲ့အတွက် သင်တန်းပါသွားတယ်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ အဲဒီဘက်တွေမှာ စစ်တပ်နဲ့ သိမ်းငှက်အဖွဲ့ဆိုတဲ့ ပြည်သူ့စစ်တွေ ကင်းပတ်တာ၊ လိုက်စစ်တာတွေရှိတယ်။ အဲဒီမှာ အသီး (WY) တွေနဲ့ မိတဲ့ လူငယ်တွေရှိတယ်။ အဲဒီမိတဲ့ထဲက လူငယ်တွေထဲက တချို့တော့ စစ်ထဲဝင်မလား ထောင်ထဲသွားမလားဆိုပြီး အတင်းပို့တာရှိတယ်” လို့ ၎င်းက ပြောပါတယ်။
ယခုလဆန်းပိုင်းမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၈၊ ၆၉ နဲ့ ၈၅ ရပ်ကွက်တို့ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လူငယ်အများစုနေထိုင်တဲ့ နေအိမ်တွေ၊ အဆောင်တွေကို ဧည့်စာရင်းတွေ ဝင်ရောက်စစ်ခဲ့ပြီး မူးယစ်ဆေးဝါးတွေ့ရှိတယ်ဆိုကာ လူငယ် ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တချို့မှာ ပြန်လည်လွတ်မြောက်လာပေမယ့် လူငယ်တချို့ဟာ စစ်မှုထမ်းသင်တန်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ အဲဒီ ဒေသခံတစ်ဦးက ပြောပါတယ်။
“တချို့တော့ ပိုက်ဆံကြောင့်လား ဘယ်လိုညှိပြီးတော့လည်းမသိ ပြန်လွတ်လာတယ်၊ သုံးလေးယောက်တော့ စစ်သင်တန်းတက်ဖို့ ပါသွားတယ်” လို့ ၎င်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဧပြီလမှာ စစ်မှုထမ်းသင်တန်း ပထမအသုတ်အဖြစ် လူငယ် ၅,၀၀၀ ကို စစ်သင်တန်း စတင်ပေးခဲ့ပြီး ယခုလ ၁၄ ရက်မှာလည်း ဒုတိယအသုတ် စစ်သင်တန်းတွေကို စတင်ပေးနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
လူငယ်တွေဟာ မိမိတို့ ဆန္ဒအလျောက် စစ်မှုထမ်းဖို့ ဝင်လာသူတွေလို့ စစ်ကောင်စီက ဝါဒဖြန့်နေပေမယ့် နေရာဒေသအသီးသီးမှာ လူငယ်တွေဟာ အတင်းအကျပ် စစ်သားစုဆောင်းခံနေရတာပါ။
အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေတာဖြစ်ပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။
ပုံစာ – စစ်မှုထမ်းသင်တန်း ဒုတိယအသုတ် စတင်နေတဲ့ မြင်ကွင်း
ဓာတ်ပုံ – CINCDS

