မုံရွာ-၂၀၂၄ မေ ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့ကညနေ ၄ နာရီဝန်းကျင်က လေပြင်းတိုက်ပြီး မိုးရွာတာကြောင့် သစ်ပင်တွေလဲပြီး ဓာတ်တိုင်တွေပါကျိုးလို့ နေအိမ်တချို့ပျက်စီးခဲ့သလို လူသေဆုံးမှုလည်း ရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းတချို့က မော်ကွန်းကိုပြောပါတယ်။
“သုံးနာရီကျော် လေးနာရီလောက်က စပြီးလေပြင်းတွေတိုက်၊ မိုးတွေရွာတာ။ သစ်ပင်တွေကော၊ ဓာတ်တိုင်တွေကောအများကြီးလဲကုန်လို့ အခုထိမီးမလာဘူး။ လေလည်း ပြင်းတယ်၊ မိုးကြိုးတွေကောပစ်တာ။ ကန်သာယာဘေးဆို ဓာတ်တိုင်တွေအကုန်နီးပါးကျိုးကုန်တာ” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ လေပြင်းတိုက်ခက်ချိန် နေအိမ်ပေါ်သစ်ကိုင်းကျိုးကျလို့ အိမ်ထဲမှာရှိနေတဲ့ ကလေးငယ်တစ်ဦးအပေါ် ထုတ်တန်းပြုတ်ကျတာကြောင့် ဆေးရုံပို့ခဲ့ပေမယ့် ညပိုင်းမှာဆုံးပါးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)ကလည်း ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မနေ့ကလေပြင်းတိုက်ထားတဲ့ဒဏ်ကြောင့် သစ်ပင်တွေလဲကျနေလို့ ကူညီရေးဆက်လုပ်နေရတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မြို့ထဲလည်း နေရာအနှံ့ သစ်ပင်ကြီးတွေကျိုးကျတာ၊ လေကတော်တော်ကိုပြင်းတယ်။ တချို့အိမ်တွေဆို ခေါင်မိုးတွေပါလန်ထွက်ကုန်တာ။ ကမ်းနားဆို တာရိုးတစ်လျှောက်က သစ်ပင်တွေအကုန်ကျိုးတယ်။ ဓာတ်တိုင်တွေလည်း အများကြီးကျိုးကျထားလို့ တစ်မြို့လုံးလည်းမီးပျက်နေတယ်” လို့ အေးသာယာရပ်ကွက်မှာနေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။
မနေ့ကညနေပိုင်းက မုံရွာမြို့အပြင် အနီးက ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဘုတလင် စတဲ့မြို့နယ်တွေမှာလည်း လေပြင်းတိုက်ခက်ခံရပြီး စစ်ရှောင်တဲတချို့လည်း ပျက်စီးဆုံးရှုံးခဲ့သေးတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကဆိုကြပါတယ်။
ပုံစာ-လေပြင်းတိုက်ခက်ပြီးနောက် မုံရွာမြို့တွင်းမှာ လဲကျနေတဲ့သစ်ပင်ကြီးတွေကို ပရဟိတအဖွဲ့တွေ ရှင်းလင်းရေးလုပ်ဆောင်နေပုံ။
ဓာတ်ပုံ-သုခဟိတ နာရေးကူညီမှုနဲ့ သွေးအလှူရှင်အသင်း။

