စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးတွေ အဆိုးဝါးဆုံးချိုးဖောက်ခံနေရ

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးတွေ အဆိုးဝါးဆုံးချိုးဖောက်ခံနေရ

ရန်ကုန် – ၂၀၂၄ ဧပြီ ၃၀ (မော်ကွန်း)

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း ပြည်တွင်းအလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဝါးဆုံးဖြစ်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတချို့က ပြောပါတယ်။

မနက်ဖြန်ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အလုပ်သမားနေ့နဲ့ ပတ်သက်တဲ့ အငွေ့အသက်တွေဟာလည်း စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ပျောက်ဆုံးသွားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်မရတော့သလို အလုပ်ရှင်နဲ့အလုပ်သမားအကြား ညှိနှိုင်းဖြေရှင်းပေးမယ့် ယန္တရားတွေလည်း မရှိတော့တဲ့အတွက် အလုပ်သမားတွေဟာ အခွင့်အရေး အဆိုးဝါးဆုံးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့ ထောက်ပြပြောဆိုမယ့်အဖွဲ့အစည်းတွေ လက်တွေ့မြေပြင်မှာမရှိတော့တဲ့အတွက် အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်ခွင့်တွေ ခွင့်ပြုထားသလိုဖြစ်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုသူရိန်အောင်က ပြောပါတယ်။

“ဒီမိုကရေစီရှိနေတဲ့အချိန်မှာတုန်းက လုပ်လို့ရတဲ့အခွင့်အရေးတွေ မရှိတော့ဘူး။ နောက်ဆုံး ဆိုရှယ်မီဒီယာလိုဟာမျိုးကတောင်မှ ပြောဆိုခွင့်က မရတော့ဘူးဆိုတော့ လုပ်ငန်းရှင်တွေရဲ့ အကြိုက်ဖြစ်သွားတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ယခင်ပြဋ္ဌာန်းပြီးသား အလုပ်သမားဥပဒေတွေရှိနေပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ အဲဒီဥပဒေတွေကို အလုပ်ရှင်တွေက ဌာနဆိုင်ရာတွေကို လာဘ်ပေးကာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြတယ်လို့ ဆိုပါတယ်။

“လုပ်ငန်းခွင်အခြေအနေကလည်းဆိုး၊ ဘာတွေဖြစ်‌နေလဲဆိုတာ ပြောဖို့ဆိုဖို့ လမ်းကြောင်းတွေ မရှိတော့တဲ့အခါ အဲဒီမှာ တော်တော်ဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတာပေါ့” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေဟာ အလုပ်ချိန်သတ်မှတ်ချက်ထက် ကျော်လွန်ခိုင်းစေတာ၊ အလုပ်ထုတ်ခံရတာ၊ လူမှုဖူလုံရေး ခံစားခွင့်တွေပါ ပျောက်ဆုံးလာတယ်လို့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတချို့က ပြောပါတယ်။

တောင်ဒဂုံစက်မှုဇုန်က အထည်ချုပ်အလုပ်သမားတစ်ဦးကတော့ လက်ရှိမှာ သူတို့ရဲ့ စက်ရုံမှာ အလုပ်ရှင်က အလုပ်ချိန်ထက် ပိုမိုခိုင်းစေနေသလို အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားတွေမရရှိဘဲ တစ်ရက်ပျက်ရင်တောင် အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်လို့ ပြောပါတယ်။

“အခုကတော့ ဘယ်သူ့တိုင်လို့ တိုင်ရမလဲ မသိတော့ဘူး။ ပိတ်ရက်တွေလည်း သူတို့က ဆင်းဆိုရင် ဆင်းရတာပဲပေါ့၊ မဟုတ်ရင် အလုပ်အချိန်မရွေးထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့၊ ရွေးချယ်စရာမရှိဘူး” လို့ ၎င်း အထည်ချုပ်စက်ရုံဝန်ထမ်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ပြည်တွင်းကအလုပ်သမားတွေဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်ချပစ်တာတွေ၊ တရားစွဲတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်လာခဲ့တာကြောင့် အဖွဲ့အစည်းတွေဟာ ပြည်တွင်းမှာ မရပ်တည်နိုင်တော့ဘူးလို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပြည်တွင်းမှာ မေဒေးနေ့ဆိုတာတောင် ပျောက်ဆုံးသွားတဲ့ အခြေအနေပေါ့၊ နိုင်ငံရေးအခြေအနေကြောင့် ဘယ်သူမှ လုပ်လို့မရတော့ဘူး” လို့ သူက ပြောပါတယ်။

ပြီးခဲ့နှစ် အောက်တိုဘာလမှာ အလုပ်သမားတွေကို တရားဝင်သတ်မှတ်ပေးထားတဲ့ လုပ်ခလစာ တစ်ရက် ၄,၈၀၀ အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါသေးတယ်။

အဲဒီလို အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်တိုးမြှင့်ခဲ့ပေမယ့် လက်ရှိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေ၊ ကျပ်ငွေဖောင်းပွလာမှု အခြေအနေတွေကြောင့် အလုပ်သမားတွေဟာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုသူရိန်အောင်က ပြောပါတယ်။

“မလောက်ငတော့ အနိမ့်ဆုံးပုံစံနဲ့ ရှင်သန်ကြတယ်၊ အညံ့စား စားစရာတွေစားရတယ်၊ တချို့လည်း ထမင်းတစ်နပ် လျှော့စားတယ်၊ အဲဒီလိုတွေ ဖြေရှင်းလာကြတယ်” လို့ ၎င်းက ပြောပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ၄,၈၀၀ ကျပ်ဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၈ က သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ငါးနှစ်ကျော် ကာလအတွင်းမှာမှ ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်ကို ထပ်တိုးသတ်မှတ်ခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာကြောင့် လူငယ်လူရွယ်တွေအများစုဟာ ပြည်ပမှာပဲ သွားရောက်အလုပ်လုပ်ကိုင်လာကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) ကို ၁၈၈၉ မှာ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး မနက်ဖြန်ဆိုရင်တော့ ၁၃၅ ကြိမ်မြောက် မေဒေးဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိခဲ့ဘဲ စစ်တပ်အာဏာသိမ်းထားတဲ့ ကာလတွေမှာတော့ အဲဒီအခွင့်အရေးတွေ ပိုမိုမှေးမှိန်သွားတာဖြစ်ပါတယ်။

ပုံစာ – ၂၀၂၁ ဖေဖော်ဝါရီက အလုပ်သမားသမဂ္ဂတွေကဦးဆောင်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကိုမြင်တွေ့ရစဉ်
ဓာတ်ပုံ – CTUM

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."