ယင်းမာပင်-၂၀၂၄ ဧပြီ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ရင်း ရာသီဥတုပူပြင်းတာကြောင့် ဖျားနာသူတွေ အများအပြားရှိလာတယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုလွမ်းသူက မော်ကွန်းကိုပြောပါတယ်။
“စစ်ရှောင်ဦးရေအနေနဲ့ ခန့်မှန်းပြောမယ်ဆိုရင်တော့ ရှစ်ထောင်ဝန်းကျင်ရှိပါတယ်ခင်ဗျ။ ဖျားနာနေတဲ့ စစ်ရှောင်အရေအတွက် တိတိကျကျတော့ ကျွန်တော်တို့ စာရင်းကောက်ထားတာမရှိဘူးခင်ဗျ။ အရေအတွက်အားဖြင့် ၁၀ ယောက်ရှိရင် ခန့်မှန်းချေသုံးလေးယောက်လောက်က ကိုယ်ပူရှိန်မြင့်ပြီး ဖျားတဲ့ဟာတွေရှိတယ်ခင်ဗျ” လို့ သူကပြောပါတယ်။
စစ်ဘေးရှောင်တွေထဲက ဖျားနာနေသူအများစုဟာ သက်ကြီးရွယ်အိုတွေအများစုဖြစ်တယ်လို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အပူဒဏ်ကြောင့်ဖျားနာနေတဲ့ ဒေသခံတွေကို ဆေးကုသမှုပေးဖို့ ဆေးဝါးမလုံလောက်တဲ့ အခက်အခဲကြုံနေရတယ်လို့ ကိုလွမ်းသူက ပြောပါတယ်။
“ကျွန်တော်တို့လောလောဆယ်မှာတော့ ဒေသတွင်း ကျန်းမာရေး CDM ဝန်ထမ်းတချို့ GP လိုက်နေတာရှိတော့ နီးရာနွယ်ရာလိုအပ်သလိုချိတ်ဆက်ပြီးတော့မှ ကုသမှုယူနေရတယ်ပေါ့နော်။ ကျွန်တော်တို့မှာတော့ Medical team ရှိပေမယ့် ဆေးဝါးမလုံလောက်တဲ့ပြဿနာကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်မပေးနိုင်ဘူးဗျ။ ဆေးဝါးအကူညီရရှိမှုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူရှင်ချိတ်ဆက်ပြီးရတာပဲရှိပါတယ်ဗျ” လို့ သူကပြောပါတယ်။
ယင်းမာပင်-ဆားလင်းကြီးတကြောက စစ်ရှောင်တွေဟာ မုံရွာ-ပုသိမ်လမ်းဘေးဝဲယာက ရွာတွေနဲ့ ဝမ်ပေါင်၊ မြန်မာယမ်စီစတဲ့ တရုတ်ကြေးနီစီမံကိန်းတွေအနီးမှာရှိတဲ့ ရွာတွေက ဒေသခံတွေဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အဲဒီဒေသတကြောကို သင်္ကြန်မတိုင်ခင်က တစ်ကြိမ်စစ်ကြောင်းဝင်ခဲ့ပြီး အခုလ ၈ ရက်က ပြန်ထွက်သွားပေမယ့် ၂၃ ရက်ကနေ လက်ရှိအချိန်အထိ စစ်ကြောင်းပြန်ဝင်ပြီး ရွာတွေအနီးမှာ တပ်စွဲနေရာယူထားတာကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။
မိုးလေဝဿနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ အခုလ ၂၇ ကနေ ဒီနေ့အထိ နေ့အပူချိန်အနည်းငယ်တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူချိန်မြင့်တက်နေတာကြောင့် အပြင်းစားအပူရှပ်တာ၊ မူးမေ့လဲကျတာတွေဖြစ်နိုင်လို့ နံနက် ၁၀ နာရီကနေ ၅ နာရီအတွင်း နေပူထဲမထွက်ဖို့၊ ရေမချိုးဖို့ အရိပ်အာဝါသကောင်းတဲ့နေရာတွေမှာနေဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ယင်းမာပင်မြို့နယ်က စစ်ရှောင်များ။
ဓာတ်ပုံ-ပြည်သူမှပြည်သူသို့

