ရန်ကုန် – ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
သံတွဲမြို့မြောက်ဘက် မိုင် ၂၀ ကျော်မှာရှိတဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့ကစတင်ကာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။
သံတွဲမြို့က ဒေသခံတစ်ဦးကတော့ “သံတွဲနဲ့ ရွာနီးချုပ်စပ်တွေပေါ့၊ အဲဒီရွာတွေမှာ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတာ။ မနေ့ကလည်း လက်နက်ကြီးသံတွေ ကြားရတယ်။ သံတွဲမှာ ဒါပထမဆုံး လက်နက်ကြီးသံတွေကြားရတာပဲ” လို့ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတည်းက ရခိုင်ပြည်နယ်တစ်ဝန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတာ သံတွဲမြို့ပေါ်နဲ့ မိုင် ၂၀ ခန့် အကွာအဝေးတဲ့ ချီချောင်း၊ ပုရစ်ရေကောက် ၊ ဒေါ်မြ အစရှိတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သံတွဲမြို့နယ် ဂျိတ်တောကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီဘက်က ကျွန်တော်တို့ အသိတွေ ဆက်သွယ်တာတော့ ဆက်သွယ်လို့ မရတော့ဘူး။ သူတို့ရွာကတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့ တခြားနေရာကို ရှောင်သွားကြတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။
အဲဒီကျေးရွာတွေအနီးမှာရှိတဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို AA တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းတချို့မှာလည်း ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ လက်ရှိအချိန်ထိ ပလက်ဝအပါအဝင် မြို့နယ် ၁၀ မြို့နယ်ထိ သိမ်းပိုက်ထားနိုင်ပါတယ်။
ဒါ့အပြင် AA တပ်တွေဟာ စစ်တွေ၊ အမ်း စတဲ့မြို့နယ်တွေကိုလည်း ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်တွေ လက်နက်ချဖို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – တိုက်ပွဲဖြစ်နေတဲ့ သံတွဲမြို့နယ်က သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတစ်နေရာ
ဓာတ်ပုံ – MOEE

