ပြင်ဦးလွင်-၂၀၂၄ ဧပြီ ၈ (မော်ကွန်း)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တက္ကသိုလ် DSA ဒီနေ့မနက် ၄ နာရီဝန်းကျင်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ပြင်ဦးလွင်ဒေသခံတွေက ပြောကြပါတယ်။
“မနက် ၄:၀၀ နာရီကျော်လောက်က အသံအကျယ်ကြီးကြားလိုက်တယ်။ မြို့တွင်းမှာတော့ ပုံမှန်သွားလာနေကြတာပါပဲ။ ဒါပေမယ့် မြို့ပြင် အဝင်အထွက်တွေမှာတော့ အစစ်ဆေးပိုကြပ်သွားတယ်။ မြို့အဝင်အထွက်ဂိတ်တွေနားမှာ ကားတွေကိုတစ်စီးချင်းသေချာစစ်နေတာ” လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြင်ဦးလွင် စစ်တက္ကသိုလ် DSA ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ အဆောင်အနီး လေးလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒီနေ့လယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ရဲ့ စစ်တက္ကသိုလ်တိုက်ခိုက်ခံရတာနဲ့ပက်သက်ပြီး လက်ရှိအချိန်ထိတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အခုလ ၄ ရက်ကလည်း နေပြည်တော်လေဆိပ်နဲ့ စစ်ရုံးချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ-ပြင်ဦးလွင်စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုမှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်။
ဓာတ်ပုံ-MWD

