ရန်ကုန် – ၂၀၂၄ မတ် ၂၂ (မော်ကွန်း)
ကချင်ပြည်နယ်မှာ KIA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေအကြောင့် ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့စစ်ဘေးရှောင် ထောင်နဲ့ချီရှိလာပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့အနီးက မိုးမောက်၊ မံစီ အစရှိတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဗန်းမော်မြို့ပေါ်ကို ထွက်ပြေးလာတယ်လို့ ဗန်းမော်မြို့ခံ ပရဟိတအသင်းက ကူညီနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မြို့သစ်၊ဒေါ့ဖုန်းယန် စတဲ့ ကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ ဗန်းမော်မြို့ကို ထွက်ပြေးလာကြတယ်လို့ ၎င်းကပြောပါတယ်။
“အခုလောလောဆယ်လိုတာတော့ အရေးပေါ် ဆေးဝါးတို့၊ ရေရှည်အတွက် စားနပ်ရိက္ခာတွေတော့ လိုပါတယ်။ အလှူရှင်တွေလည်း လာရောက်တာရှိပါတယ်” လို့ ဗန်းမော်မြို့က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ယခုလဆန်းပိုင်းကစပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာဒေသအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ကတော့ မြစ်ကြီးနား – ဗန်းမော် လမ်းပေါ်က မြို့သစ်၊ ကုန်းလော၊ နွမ်းလန်းနဲ့နောင်ကွန်ကျေးရွာ အခြေစိုက် အမြောက်တပ်နဲ့ ဒုံးတပ်ဖွဲ့ အပါအဝင် စစ်ကောင်စီစခန်းကုန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်အပြင် ဆွမ်ပရာဘွမ်၊ ဖားကန့်၊ မချမ်းဘောနဲ့ ခေါင်လန်ဖူး အစရှိတဲ့ မြို့နယ်တွေမှာလည်း KIA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်အရေအတွက် သုံးသောင်းနီးပါး ရှိလာပြီလို့ ဒေသတွင်းအကူအညီပေးရေး အဖွဲ့တွေဆီက သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ထဲက အဓိကကျတဲ့ အဝေးပြေးလမ်းတွေဖြစ်တဲ့ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းတွေကိုလည်း ပိတ်ထားရပါတယ်။
ပုံစာ -ဗန်းမော်က ယာယီစစ်ရှောင်စခန်းတွေကိုရောက်ရှိလာတဲ့ ကချင်စစ်ဘေးရှောင်များ
ဓာတ်ပုံ – သုညသုခ ပရဟိတအသင်း

