မုံရွာ-၂၀၂၄ မတ် ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့လယ်မှာရှိတဲ့ စစ်တပ်ပိုင်အင်းဝဘဏ် ဓားပြတိုက်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ဒေသခံ ငါးဆယ်ကျော်အထိရှိလာနေပြီလို့ မုံရွာမြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။
အဲဒီ့ဘဏ်ဟာ မုံရွာမြို့လယ် ရုံးကြီးရပ်ကွက်၊ မြို့လယ်နာရီစင်နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့တော်ခန်းမအနီးမှာရှိတာဖြစ်ပြီး အခုလ ၁၃ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရကာ ဘဏ်မန်နေဂျာအမျိုးသမီးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဘဏ်ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်တွေကို ပိတ်ဆို့စစ်ဆေးခဲ့သလို မြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နေကြတဲ့ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
“စနေနေ့က ညောင်ပင်စောက်ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့လူ ၂၀ ကျော်နဲ့ ဆိုင်ကဝန်ထမ်းတွေကို စစ်တပ်က ရုတ်တရက်ဝင်ဖမ်းသွားတာ။ ဆိုင်ထိုင်တဲ့သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ်တွေ အကုန်ကားတွေပေါ်တင်ပြီးယူသွားတယ်။ သူတို့ကို ဘယ်ဖမ်းသွားမှန်းမသိရသေးဘူး။ အင်းဝဘဏ်ကိစ္စနောက်ဆက်တွဲဖမ်းတာလို့ကြားတယ်” လို့ ဖြစ်စဉ်ကို မြင်တွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိတော့ ဘဏ်ဓားပြတိုက်ခံရပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့မြို့ခံတွေနဲ့ပတ်သက်ပြီး အဆက်အသွယ်မရသေးဘူးလို့ ဖမ်းခံလိုက်ရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
“ရိုးမဘဏ်နား(ဆူးလေကုန်းရပ်)က လက်ဖက်ရည်ဆိုင်ကိုလည်း တနေ့ကပဲဝင်ဖမ်းသွားတာ၊ အသက်မပြည့်သေးတဲ့ကလေးတွေကော အသက်ကြီးတဲ့သူတွေကောပါသွားတာ။ သူတို့ကို ဘယ်ဖမ်းသွားမှန်းမသိသေးဘူး။ မိသားစုတွေကတော့ လိုက်စုံစမ်းနေကြတယ်” လို့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ပေါ်က လမ်းတွေမှာ ဒေသခံတွေကို စစ်ဆေးမေးမြန်းရင်းဖမ်းဆီးတာတွေရှိသလို၊ စားသောက်ဆိုင်တွေမှာလည်း ရုတ်တရက်ဝင်ရောက်ဖမ်းဆီးတာတွေမကြာခဏလုပ်ဆောင်လေ့ရှိပြီး အင်းဝဘဏ်ဓားပြတိုက်ခံရပြီးနောက်မှာတော့ အရင်ကထက် ပိုအစစ်ဆေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေ ပိုများလာတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လ ၁၁ ရက်တုန်းကလည်း မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်းထဲက လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
ပုံစာ-ဓားပြတိုက်ခံခဲ့ရတဲ့ အင်းဝဘဏ်။
ဓာတ်ပုံ-myatzuzu

