ရန်ကုန် – ၂၀၂၄ မတ် ၈ (မော်ကွန်း)
ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီမြို့အဝင်၊ သင်္ဃန်းညီနောင်ရွာအနီးမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
မြဝတီ-ကော့ကရိတ် ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းဖြစ်တဲ့ ခမရ ၃၅၅ ကို မနေ့က မနက်ပိုင်းကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ဒီနေ့မှာလည်း ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နေတာပါ။
အဲဒီပစ်ခတ်မှုတွေကြောင့် မြဝတီသဘာဝတရားရိပ်သာဆေးရုံကို ဒီနေ့လယ်ပိုင်းက လက်နက်ကြီးထိမှန်ခဲ့ပြီး ဆေးရုံမှာတက်ရောက်နေတဲ့ သက်ကြီးလူနာနှစ်ဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း အကူအညီပေးနေသူက ပြောပါတယ်။
“ဆေးရုံက ပက်လက်လူနာဆောင်အပေါ် လေယာဉ်ပေါ်က ဗုံးဆန်ကျလို့ အားလုံး ၁၁ ဦး ဗုံးဆန်ထိသွားပါတယ်။ အဘိုးနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားပါတယ်။ သူတို့ကို မြဝတီဆေးရုံပို့လိုက်ပါပြီ” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။
မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာအုပ်စုအနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၅၅ ၊ ၃၅၆ နဲ့ ၃၅၇ စတဲ့ တပ်ရင်းသုံးရင်း အခြေစိုက်ထားပြီး အဲဒီ့တပ်ရင်းတွေထဲက ခမရ ၃၅၅ ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
လက်ရှိမှာ နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေကြောင့် အဲဒီ ခမရ ၃၅၅ အနီးနေထိုင်တဲ့ဒေသခံတွေ ထွက်ပြေးနေကြရသလို ပိတ်မိနေသူတွေလည်းရှိတယ်လို့ အကူအညီပေးနေတဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီဘက်က သင်္ဃန်းညီနောင် ဗျူဟာကုန်းပေါ်ကနေအထိုင်ချကာ ခုခံတိုက်ခိုက်နေကာ လေကြောင်းကနေလည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ စစ်မြေပြင်မှာရောက်နေတဲ့ ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီနေ့လယ်ပိုင်းက ရေးသားထားပါတယ်။
သင်္ဃန်းညီနောင်ကျေးရွာအုပ်စုထဲက ဒေသခံတစ်ထောင်ကျော်ခန့်ဟာ လက်ရှိတိုက်ပွဲကြောင့် မြဝတီမြို့ဘက်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေဆီ စစ်ဘေးရှောင်နေကြရပြီး အစားအသောက်နဲ့ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – သဘာဝတရားရိပ်သာဆေးရုံက ဗုံးထိမှန်ထားတဲ့ လူနာတွေကို မြဝတီဆေးရုံပို့ဆောင်စဉ်
ဓာတ်ပုံ – U Zaya Magga

