ရန်ကုန် – ၂၀၂၄ မတ် ၆ (မော်ကွန်း)
စစ်ကောင်စီဗဟိုဘဏ်ဟာ ပြည်တွင်းငွေကြေးဈေးကွက်မှာ အရောင်းအဝယ်ပြုလုပ်ပြီး ဝင်ရောက်ကစားဖို့ စီစဉ်နေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတွေက ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းကစပြီး ဒေါ်လာငွေလိုအပ်တဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို လိုင်စင်ရ AD ဘဏ်တွေဆီကနေ Online Trading Platform စနစ်နဲ့ နိုင်ငံခြားငွေ ရောင်းချမှုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားချက်အရ Online Trading ကနေ ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းတွေအတွက်ပဲ ရောင်းချပေးတာဖြစ်ပါတယ်။
အဲဒီဈေးကွက်ကနေ ဝယ်ယူထားသူတွေအနေနဲ့လည်း ပို့ကုန်ရငွေ ဝင်ရောက်တဲ့နေ့ကနေ တစ်လအတွင်းမှာ ပို့ကုန်ရငွေပမာဏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ငွေလဲလှယ်နှုန်းနဲ့ လဲလှယ်ရောင်းချရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုတော့ သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်က မြန်မာကျပ်ငွေနဲ့ လဲလှယ်ပေးမှာဖြစ်ပါတယ်။
ပြည်တွင်း ငွေကြေးဈေးကွက်မှာ ငွေလဲလှယ်နှုန်း ကွာဟချက် ကျဉ်းမြောင်းစေဖို့အတွက် အခုလို ဒေါ်လာ၊ ယွမ်နဲ့ ဘတ်တို့ကို ရောင်းချပေးခြင်းအပြင်၊ ဝယ်ယူခြင်းကိုပါ လုပ်ဆောင်သွားမှာလို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့ကထုတ်ပြန်ပါတယ်။
အဆိုပါ မူဝါဒဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ဗဟိုဘဏ်က ကျင့်သုံးခဲ့တဲ့ မူဝါဒဖြစ်ပြီး အခုစစ်ကောင်စီလက်ထက်မှာ ပြန်အသက်သွင်းတာဖြစ်တယ်လို့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေနဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ပြင်ပဈေးကွက်မှာ ဒေါ်လာပေါက်ဈေးဟာ ဗဟိုဘဏ်ရည်ညွှန်းဈေးထက် မြင့်တက်နေပါက ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ ပြန်ထုတ်ရောင်းပေးတာအပြင် ဈေးကွက်မှာ ဈေးကျနေပါက ဈေးပြိုင်လေလံစနစ်နဲ့ ဒေါ်လာကို ဝင်ရောက်ဝယ်ယူကာ ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းခဲ့ပါတယ်။
NLD လက်ထက်မှာ အခုလို ဗဟိုဘဏ်ကိုယ်တိုင်က ငွေကြေးဈေးကွက်ထဲမှာ ဝင်ရောက်ရောင်းချတာ၊ ဝယ်ယူတာတွေ ပြုလုပ်ခဲ့တာကြောင့် ဒေါ်လာဈေးကွက်ဟာ တည်ငြိမ်မှုရှိခဲ့တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
“အဲဒီတုန်းက NLD ဗဟိုဘဏ်က ဈေးကွက်ပေါက်ဈေးမှာ သူတို့က ၁၅၀၀ နဲ့ သတ်မှတ်ထားပြီး အပြင်မှာ ၁,၄၀၀ ဖြစ်သွားရင် သူတို့က ၁,၅၀၀ နဲ့ ဝယ်ပေးတယ်။ အပြင်မှာ ၁,၆၀၀ တွေ ဘာတွေ ဖြစ်နေရင်လည်း သူတို့က ၁,၅၀၀ နဲ့ ထုတ်ရောင်းပေးတယ်။ ဗဟိုဘဏ်ကိုယ်တိုင်က ဝင်ကစားတော့ ဈေးကွက်က အရမ်းငြိမ်တယ်။ အခုက အဲဒီ မူဝါဒကိုပဲ ပြန်အသက်သွင်းတာ။ ပြန်လုပ်မှာ” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ပြင်ပဈေးကွက်က ဒေါ်လာ၊ ယွမ်နဲ့ ဘတ်ငွေတွေကို ဘယ်လိုပုံစံဝယ်ယူသွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားတာမရှိပါဘူး။
NLD အစိုးရလက်ထက်ကတော့ ဗဟိုဘဏ်ဟာ AD လိုင်စင်ရ နိုင်ငံပိုင်ဘဏ် သုံးခု၊ ပုဂ္ဂလိကဘဏ် ၁၉ ခုနဲ့ နိုင်ငံခြားပိုင်ဘဏ် ၁၃ ခုတို့ကနေတဆင့် နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်း တွေကို ဈေးပြိုင်လေလံစနစ်နဲ့ ဆောင်ရွက်ခဲ့တာပါ။
စစ်ကောင်စီလက်ထက်မှာတော့ လက်ရှိရောင်းချနေတဲ့ Online Trading Platform မှာပဲ ဝယ်ယူမှာလား၊ ဒါမှမဟုတ် အရင် NLD လက်ထက်ကလို ဈေးပြိုင်လေလံစနစ်နဲ့ ဝယ်ယူသွားမှာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးကတော့ “အရင်တုန်းက NLD လုပ်ခဲ့တဲ့ ဟာပါပဲ။ သူကိုယ်တိုင် ဈေးကွက်ထဲ ဝင်ကစားမှာ၊ အခုက ပို့ကုန်ရငွေတွေလည်း သူ့လက်ထဲရောက်လာတော့ အဲဒါတွေကိုင်ပြီး ဝင်ကစားမှာ” လို့ သုံးသပ်ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နိုင်ငံခြားငွေကြေးဈေးကွက်ကို ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်ပြုလုပ်ဖို့ ခွင့်ပြုပေးထားခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းမှုကိုလည်း ယခင် ၅၀ ရာခိုင်နှုန်းပေးသွင်းရမယ့်အချက်အစား ၃၅ ရာခိုင်နှုန်းကိုပဲ မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ ပြင်ဆင်ခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ လက်ရှိအချိန်ထိ ငါးလအတွင်း ပို့ကုန်ရငွေအဖြစ် ကန်ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ် ၃၂၁ ဒသမ ၈၀ သန်း နဲ့ ထိုင်းဘတ် ၈၇၆ ဒသမ ၁၅ သန်း ရရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – မော်ကွန်း

