စစ်တွေ – ၂၀၂၄ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း)
ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းက ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့တွေကို အလုံးစုံသိမ်းထားတဲ့ ရက္ခိုင့်တပ်တော်(AA)က မင်းပြားတိုက်ပွဲအတွင်းမှာ စစ်ကောင်စီထံက ရရှိခဲ့တဲ့ လက်နက်တွေကို ဒီနေ့ထုတ်ပြလိုက်ပါတယ်။
အတွဲလိုက်ပစ်ဒုံးကျည်တွေအပါအဝင် လက်နက်ကြီးတွေနဲ့ပါခုခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နောက်ဆုံးမှာ စစ်ရှုံးပြီး ဒေါ်လာသန်းနဲ့ချီတန်တဲ့ လက်နက်တွေကို AA ထံ ဆုံးရှုံးခဲ့တာပါ။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို အပြတ်ရှင်းနေတယ်လို့ AA က ထုတ်ပြန်ထားပြီး ဒီတိုက်ပွဲတွေအတွင်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တစ်ဖက်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါသေးတယ်။
AA နဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ့်ကို ထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင် ၃၀၀ ကျော်နဲ့ အိန္ဒိယနိုင်ငံထဲကို တိုင်းရင်းသားတပ်ဖွဲ့ တွေတိုက်လို့ ထွက်ပြေးရတဲ့ စကစတပ်ဖွဲ့ဝင် ၇၀၀ ကျော် ပေါင်းရင် တိုက်ပွဲအတွင်းမှာ ပြည်ပကို ထွက်ပြေးခဲ့တဲ့ စကစတပ်ဖွဲ့ဝင်ထောင်ကျော်နေပြီဖြစ်ပါတယ်။
ဒါအပြင် ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်နဲ့ တောင်ပိုင်းက ရမ်းဗြဲကျွန်းတို့က စစ်ကောင်စီတပ်တွေကို ရှင်းလင်း နေတယ်လို့ AA က သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီလို စစ်ရှုံးနေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ သူ့ထိန်းချုပ်ဧရိယာအတွင်းက ပြည်သူတွေကို စစ်ထဲဆွဲထည့်ဖို့ ယခုလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြဌာန်းလိုက်ပါတယ်။
AA ဟာ ရခိုင်ပြည်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီ ရေတပ်က သင်္ဘောတချို့ကိုလည်း နစ်မြုပ်အောင် တိုက်ခိုက်ထားပါတယ်။

