ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း)
နိုင်ငံအတွင်းမှာ လူအများအသုံးပြုကြတဲ့ ဓါတ်ဆီ(92 Ron)တစ်လီတာ ဈေးနှုန်းဟာ ဒီလအစပိုင်းကဈေးထက် ကျပ်တစ်ရာနီးပါလောက် ပိုတက်ပြီး စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။
လာမယ့်တစ်ပတ်အတွင်း ရန်ကုန်မှာရောင်းချရမယ့် စက်သုံးဆီဈေးတွေကို စစ်ကောင်စီက ဒီနေ့ထုတ်သူတို့သတင်းစာမှာ ဖော်ပြရာမှာ ဒီလတတိယအပတ်အတွက် ဓါတ်ဆီ(92 Ron)တစ်လီတာ လက်လီရောင်းဈေးကို ၂,၇၇၀ ကျပ်လို့ ဖော်ပြပါတယ်။ ဒီလ ပထမ အပတ်တုန်းက ၂,၆၇၅ ကျပ်ပဲ ရှိတာပါ။ ဒါအပြင် ဓါတ်ဆီ(၉၅)တစ်လီတာ ၂,၈၇၅ ကျပ် နဲ့ ဒီဇယ်(HSD-100) တစ်လီတာ ၂,၆၅၅ ကျပ် ရောင်းရမယ်လို့ တတိယအပတ်အတွက် စစ်ကောင်စီက သတ်မှတ်ပါတယ်။ ရန်ကုန်မဟုတ်တဲ့ အခြားဒေသတွေမှာ ဒိထက်ပိုပြီး ဈေးကြီးသွားမှာပါ။
ပြီးခဲ့တဲ့အပတ်မှာ သတ်မှတ်ခဲ့တဲ့ ဈေးထက်လည်း ဒါက ပိုများပါတယ်။ တစ်လီတာကို ဓါတ်ဆီ(၉၂)က ၈၅ ကျပ်၊ ဓါတ်ဆီ (၉၅)က ၇၀ ကျပ် နဲ့ ဒီဇယ်(HSD-100)က ၇၀ ကျပ် ဒီအပတ်မှာ ပိုတက်တာပါ။
ဒါအပြင် ပြီးခဲ့တဲ့နှစ်ကာလတူဈေးနဲ့ယှဉ်ရင် ဓါတ်ဆီ (၉၂) တစ်လီတာကို ၆၃၀ ကျပ်၊ ဓါတ်ဆီ(၉၅) တစ်လီတာကို ၆၆၅ ကျပ် နဲ့ ဒီဇယ်(HSD-100) က ၂၈၅ ကျပ် တစ်နှစ်အတွင်းမှာ ပိုတက်လာတာလည်း ဖြစ်ပါတယ်။
ရန်ကုန်က ယာဉ်မောင်းတစ်ဦးကတော့ စက်သုံးဆီဈေးတွေတက်လာပေမယ့် ဝယ်ချင်တိုင်းဝယ်မရဘဲ ဆီရှိတဲ့ဆိုင်ကို ရှာဖွေထည့်နေရတုန်းလို့ ဒီနေ့လယ်မှာ မှတ်ချက်ပေးပါတယ်။
ပုံစာ_ရန်ကုန်မြို့က စက်သုံးဆီဆိုင်တစ်ခု။
ဓါတ်ပုံ_ မော်ကွန်း။

