မင်းကင်း-၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအားကောင်းတဲ့ရွာတွေကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တောက်လျှောက်သိမ်းပိုက်နေပြီး မင်းကင်းမြို့နားအထိ ရောက်နေပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မင်းကင်းဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
မင်းကင်းမြို့နယ်ထဲက ပျူစောထီးရွာတွေကို အခုလ ၁၂ ရက်ကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်သိမ်းပိုက်နေပြီး လက်ရှိအချိန်မှာတော့ မြို့အနီးက ပျူစောထီးရွာကို ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကူလဲရွာကို PDF တပ်ရင်း ငါးရင်းနဲ့မဟာမိတ်တွေ စုပေါင်းတိုက်ခိုက်သိမ်းပိုက်ထားပြီး တင်ဘက်ရွာကို ဝိုင်းပိတ်ဆို့ထားတယ်။ တင်ဘက်ရွာက မင်းကင်းမြို့နဲ့ မိုင်နည်းနည်းပဲဝေးတာကြောင့် မင်းကင်းသိမ်းခံရနိုင်တယ်။ ဒီကောင်တွေ သွေးပျက်နေပြီ။ စစ်ကောင်စီနဲ့ပျူတွေက ပြန်တော့လာမတိုက်သေးဘူး။ တင်ဘက်ရွာကျရင် မြို့ပေါ်ရောက်ပြီ” လို့ သူကဆိုပါတယ်။
စစ်တပ်ထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက မင်းကင်းမြို့နဲ့ ငါးမိုင်အကွာက ကူလဲရွာကိုလည်း သိမ်းပိုက်ထားပြီး ကံရွာ၊ အင်ကြင်းတောင်ရွာတို့ တိုက်ခံသိမ်းပိုက်ခံရပြီးဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
“ပျူစောထီးရွာ ကူလဲကို PDF တွေသိမ်းထားတယ်။ ပျူစောထီးနဲ့ စစ်တပ်က တင်ဘက်ရွာကို နောက်ဆုတ်သွားတယ်။ အရှေ့နဲ့အနောက်ပေါ့ဗျာ။ တစ်ဖွဲ့က အနောက်ကနေတိုက်တာ၊ မင်းကင်းမြို့နဲ့ တော်တော်ကိုနီးနေပြီ။ မြို့သိမ်းခံရနိုင်တဲ့အခြေအနေပဲ။ ပြောရရင် ပျူရွာတွေကို မြို့ရဲ့တောင်ဘက်နဲ့မြောက်ဘက် နှစ်ဖက်ညှပ်တိုက်နေတာ။ ပျူ(အင်အား)က မင်းကင်းမှာ ထောင်ဂဏန်းရှိတယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
မင်းကင်းမြို့နယ်ထဲက စစ်တပ်ထောက်ခံသူ ကြံ့ခိုင်ရေးပါတီအမတ်တစ်ဦးဖြစ်တဲ့ မင်းကင်းမောင်မြင့်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခုလ ၁၆ ရက်နေ့မှာ မင်းကင်းမြို့ကို တိုက်ခိုက်မယ်လို့ သတင်းထွက်နေပြီး မင်းကင်းမြို့မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အင်အား လုံလောက်မှုမရှိဘူးလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဆိုထားပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း မင်းကင်းမြို့နယ် တင်ဘက်ရွာကို PDF အင်အား တစ်ထောင်ကျော် ဝိုင်းထားတာကြောင့် စစ်ကူမပေးရင် တပ်ဖွဲ့တွေကို ပြန်ဆုတ်ခွာခွင့်ပြုပေးဖို့တောင်းဆိုနေပြီး မင်းကင်းမြို့ဟာလည်း စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီလို့ ဝန်ခံထားကြပါတယ်။
လက်ရှိအချိန်မှာတော့ မင်းကင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် မြို့အနီးက ကျေးရွာ ၁၅ ရွာဝန်းကျင်က ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသလို မြို့ပေါ်မှာလည်း စစ်ရှောင်ဦးရေ ထောင်ဂဏန်းလောက် ရောက်ရှိနေပြီး မြို့အနီးတဝိုက်ကကျေးရွာတွေမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာနေပြီလို့ ဆိုထားပါတယ်။
ပုံစာ-မင်းကင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-SRF

