ဘုတလင် – ၂၀၂၄ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာကို စစ်ကောင်စီတပ်တွေ မနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေသုံးဆယ်ဝန်းကျင် မီးလောင်ပျက်စီးသွားသလို ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကွမ်းခြံရွာခံတွေက မော်ကွန်းကိုပြောပါတယ်။
“ဒေသခံတစ်ယောက်ဒဏ်ရာရတယ်။ ပြီးတော့ရွာခံနှစ်ယောက်ကို ဖမ်းသွားတယ်။ အခု ပြန်လွတ်လာပြီ။ ဒီနေ့တော့ အဲဒီရွာနား ထန်းတောရွာက အိမ်တစ်လုံးကို ရှို့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာကိုမီးရှို့ဖျက်ဆီးတဲ့အပြင် စစ်ကြောင်းဝင်လာလို့ ထွက်ပြေးခဲ့တဲ့ ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာအများအပြားရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ခွေးခြောက်ယောက်လောက်က ဝိုင်းပစ်တာ၊ ရွာသားတစ်ယောက် လက်သန်းတစ်ချောင်း ဖြတ်လိုက်ရတယ်။ လက်ဖဝါးအလယ်ကနေ ကျည်ဖောက်ထွက်သွားတယ်။ ပြီးတော့ နားထင်နားလည်း ရှပ်ထိသွားတယ်။ သူကလွတ်လာတယ်။ အခုတော့ ဆေးကုသမှုပေးထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကွမ်းခြံရွာကို ပြီးခဲ့တဲ့လ ၂၂ ရက်တုန်းကလည်း စစ်ကြောင်းထိုးစီးနင်းခဲ့ပြီး ဒေသခံသုံးဆယ်ကျော်ကို ဖမ်းဆီးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ်ပေါင်း ရှစ်သောင်းနီးပါး(၇၈,၇၃၇) ဖျက်ဆီးခံထားရတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစပြီး စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီး၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး၊ ဘုတလင်၊ ကန့်ဘလူ၊ ကျွန်းလှစတဲ့မြို့နယ်တွေထဲက ရွာတွေကို မကြာခဏစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေလည်း နေ့စဉ်တိုးလာနေတယ်လို့ စစ်ကိုင်းဒေသခံတွေကဆိုကြပါတယ်။
ပုံစာ-ကွမ်းခြံရွာကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးနေစဉ်။
ဓာတ်ပုံ-ပေးပို့။

