ကန့်ဘလူ-၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားဝင်ရောက်လာပြီးနောက် ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ကျေးရွာတွေကို နေ့စဉ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားရာချီရှိနိုင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ဘလူမြို့ပေါ်ကို အခုလ ၂၆ ရက်က ဝင်ရောက်လာတာဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။
“သူတို့အင်အားကအတော်များတယ်။ အလုံးအရင်းနဲ့ ရွာတွေထဲ ဝင်စီးနိုင်တယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် တချို့လည်း နီးစပ်ရာနေရာတွေကို ကြိုရှောင်ကုန်ကြတာ” လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မြို့ပေါ်ရောက်ပြီးချိန်ကစလို့ သပြေသာ၊ ဇီးကုန်း၊ ပျဉ်းတော် စတဲ့ရွာတွေ စီးနင်းခံခဲ့ရပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ထန်းကုန်းတိုက်နယ်အတွင်းက ဇီးဖြူကုန်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား တစ်ရာကျော်ပါတဲ့ စစ်ကြောင်းက စီးနင်းခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
“ဘယ်ကိုစစ်ကြောင်းထိုးမယ်ဆိုတာတော့ မသိရသေးဘူး။ လက်တလော စစ်ကြောင်းအခြေအနေစောင့်ကြည့်နေကြပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်လာနိုင်ပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကန့်ဘလူ-ကျွန်းလှနယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကြောင်းထိုးကာ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် နေစရာမရှိတော့လို့ ပြန်မရတော့တဲ့ အမြဲတမ်းစစ်ရှောင် သုံးသောင်းဝန်းကျင်ရှိပြီး ယာယီစစ်ရှောင်တွေလည်း အများအပြားရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ဆားလင်းကြီး၊ ဘုတလင်၊ ဒီပဲယင်း၊ ခင်ဦး၊ ကန့်ဘလူ စတဲ့ဒေသတွေက ကျေးရွာတွေကို အခုလ ဒုတိယပတ်ကစလို့ နေ့စဉ်နီးပါးစစ်ကြောင်းထိုးနေတာကြောင့် ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေများလာသလို အမြဲတမ်းစစ်ရှောင်ဦးရေလည်း တိုးလာနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ-ကန့်ဘလူမြို့ပေါ်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြိုနေကြတဲ့ စစ်တပ်ထောက်ခံသူများ။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်(Mdy Image)

