YBS ယာဉ်စီးခ ၁၀၀ ကျပ်တိုးမြှင့်ကောက်

YBS ယာဉ်စီးခ ၁၀၀ ကျပ်တိုးမြှင့်ကောက်

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း)

ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို ၁၀၀ ကျပ် ထပ်မံ တိုးမြှင့်ကောက်ခံလာတယ်လို့ YBS စီးနင်းသူတွေကပြောပါတယ်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းအောက်မှာရှိတဲ့ YBS 12၊ 13၊ 14၊ 25၊ 30၊ 38၊ 55၊ 117 နဲ့ 128 စတဲ့ ယာဉ်လိုင်းတွေကတော့ ဒီနေ့မနက်ပိုင်းကစပြီး ယခင်ဂိတ်စဂိတ်ဆုံး ၃၀၀ ကျပ်အစား ၄၀၀ ကျပ်ကို ပြောင်းလဲကောက်ခံနေပြီလို့ အဲ့ဒီယာဉ်လိုင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ယာဉ်လိုင်းတွေအပါအဝင် ယခင်က ၃၀၀ ကျပ်ပေးရတဲ့ ယာဉ်လိုင်းတွေ အကုန်လုံးက ဒီနေ့မနက်ပိုင်းမှာ ၁၀၀ ကျပ်တိုးကောက်နေတာလို့ YBS 25 ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“အရင်က ၄၀၀ တက်သွားတဲ့ ကားတွေရှိတယ်။ အချို့ကားတွေက ၃၀၀ ပဲတက်လိုက်တယ်။ အခုက ၃၀၀ ပဲကောက်နေတဲ့ ကားတွေအကုန် ၄၀၀ တက်သွားတာ” လို့ ၎င်း ယာဉ်မောင်းက ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က ရန်ကုန်မြို့တွင်း ယာဉ်စီးခဟာ ခရီးစဉ်အစအဆုံး ၂၀၀ ကျပ်ပဲ ရှိနေရာက စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ အတွင်းမှာ ၃၀၀ ကျပ်ကို တစ်ကြိမ်မြင့်တက်ခဲ့ပြီး အခုတဖန် ထပ်တိုးကောက်ခံလာတာပါ။

ငွေသားနဲ့ ကားခပေးမယ်ဆိုပါက ၄၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ကတ်စနစ်နဲ့ဆိုပါက ၃၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

လက်ရှိ ကားခတိုးကောက်တဲ့ ကားတွေထဲမှာ ရန်ကုန်မြို့တွင်းမှာပဲ ပြေးဆွဲနေတဲ့ YBS 56 ၊ 57 ၊ 58 တို့ မပါဝင်သေးဘဲ အဲ့ဒီယာဉ်လိုင်းတွေကတော့ ၂၀၀ ကျပ်ပဲ ကောက်ခံနေပါတယ်။

YBS ယာဉ်တွေမှာ ကတ်စနစ်တွေ အသုံးပြုနိုင်သလို မိုဘိုင်းဖုန်းနဲ့ Scan ပြုလုပ်ပြီး ငွေပေးချေနိုင်မယ့် YPS-QR Code စနစ်ကို အသုံးပြုနိုင်ပြီလို့ YRTA က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့ပေမယ့် YBS ကားတွေ စီးနင်းရာမှာတော့ ကတ်ဖြတ်တဲ့ စက်ကိုပိတ်ထားတာ၊ စက်ပျက်နေတာတွေ မကြာခဏ ကြုံတွေ့နေရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“စက်ပိတ်ထားလို့ဆိုပြီး ပုံးထဲလည်းမထည့်ဘူး Driver ကပဲ ကောက်နေတာ။ သူတို့တွေကြောင့် ကားခဈေးပိုတက်လာတာလားမသိဘူး” လို့ ၎င်းက ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာ သွားလာနေတဲ့ ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးကတော့ YBS ကားခတွေ မြင့်တက်လာတာကြောင့် သူ့ရဲ့ ဝင်ငွေပိုမိုထိခိုက်လာတယ်လို့ ပြောပါတယ်။

“ကျွန်တော်ဆို ကားနှစ်ဆင့်စီးရတယ်။ တစ်ရက်ကို ကားခပဲ အသွားအပြန် ၁,၆၀၀ (ကျပ်) ရှိတယ်။ တစ်လကို အနည်းဆုံး လေးသောင်းခွဲလောက်ကုန်တယ်။ ကျွန်တော်တို့လို လခစားသမားတွေတော့ ဘာကျန်မှာလဲဗျာ၊ စားတာသောက်တာနဲ့ဆို” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း YBS ခရီးသယ်တင်ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းပြေးဆွဲပေးနေပြီး နေ့စဉ် ယာဉ်အစီးရေ ၃,၄၀၀ ကျော်နဲ့ ခရီးသည် ၁၄ သိန်းခန့်ကို နေ့စဉ် ပို့ဆောင်ပေးနေတယ်လို့ YRTA က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပုံစာ – ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်တစ်စီး
ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."