ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၅ (မော်ကွန်း)
ရှမ်းပြည်နယ်၊တောင်ပိုင်း ဆီဆိုင်မြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့ ကရင်နီစစ်ရှောင် စုစုပေါင်းတစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲ့ဒီစစ်ဘေးရှောင်တွေကို ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ကောင်းမှုဗွာ၊ နမ့်ဩ၊ ထီတမောင်း၊ ပင်စုံနဲ့ ဆိုက်ခေါင်စံပြကျေးရွာတို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဆီဆိုင်မြို့မှာ ကရင်နီဒေသက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်သုံးသောင်းနီးပါး အပါအဝင် ဒေသခံတစ်သိန်းနီးပါးဟာ နီးစပ်ရာတောတောင်တွေနဲ့ စစ်ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပြီး မြို့တွင်းမှာလည်း ပိတ်မိနေသူတွေရှိတယ်လို့ သူက ပြောပါတယ်။
“ပြေးရတာတော့အစုံပဲ ခြေဦးတည့်ရာ ပြေးရတာပဲ။ တောင်ကြီးမြို့ကို ပြေးတဲ့သူတွေရှိတယ်၊ တောထဲကို ပြေးတဲ့သူတွေရှိတယ်။ အချို့လည်း ပြေးဖို့ ဆိုင်ကယ်မရှိ၊ ကားမရှိ၊ သွားဖို့လာဖို့ အဆင်မပြေတော့ တိုက်ပွဲကြားမှာ ပိတ်မိနေသူတွေလည်းရှိတယ်” လို့ ၎င်းကပြောပါတယ်။
PNLO/PNLA ၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့က ဆီဆိုင်မြို့က စစ်ကောင်စီဌာနဆိုင်ရာရုံးတွေနဲ့ မြို့နယ်ရဲစခန်းကို PNLAက ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာကာ တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။
မနေ့ကညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေ ဆီဆိုင်မြို့အတွင်း အင်အားဖြည့်တင်းလာပြီးနောက် ဒီနေ့မနက်ပိုင်းမှာတော့ မြို့အဝင်အထွက်တွေကို ပိတ်ထားကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့တွင်းမှာတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတယ်။ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီက မြို့ပြင်ကနေ အင်အားဖြည့်ပြီး ပြန်ဝင်လာတာ။ ဒီမနက်တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ မြို့အဝင်အထွက်တွေလည်း ပိတ်ထားတယ်။ အခြေအနေကတော့ မသိရသေးဘူး” လို့ ဆီဆိုင်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပအိုဝ်းဒေသတွင်းက ဆီဆိုင်မြို့နဲ့ ကျေးရွာ လေးရွာကို ဂျက်ဖိုက်တာတွေ၊ Y12 ဗုံးကြဲလေယာဉ်တွေအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ခန့် လုပ်ဆောင်ခဲ့ပြီး အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ PNLO က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ယခုလ ၂၀ ရက်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ လက်နက်တွေ တင်ဆောင်လာတဲ့ PNLO တပ်ဖွဲ့ဝင်တွေရဲ့ ကားကို တားဆီးရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာမှု စတင်ခဲ့တာပါ။
အဲ့ဒီနောက်မှာ PNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့ကို ဝင်ရောက်လာပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်လာတာပါ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ဆွေးနွေးနေတဲ့အဖွဲ့ပါ။
ပုံစာ – ဆီဆိုင်မြို့က နေအိမ်တွေလက်နက်ကြီးထိမှန်ပျက်စီးနေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ မြင်ကွင်း
ဓာတ်ပုံ – Ying Wint Han

