ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၇ ဦးသေ

ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၇ ဦးသေ

ဆားလင်းကြီး-၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အခုလ ၂၁ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Spring Guerrilla Platoon အဖွဲ့တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။

အင်အား ၈၀ ဝန်းကျင်နဲ့ ယင်းမာပင်မြို့နယ်ထဲက လက်တောင်းငယ်ရွာကနေ ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာကို စစ်ကောင်စီတပ်တွေသွားချိန် လမ်းမှာတိုက်ပွဲဖြစ်ခဲ့တာလို့ သူကဆိုပါတယ်။

“ သူတို့က လှည်းယာဉ်တန်းတွေကော ပြည်သူတွေကော ကာဗာယူပြီးတက်လာတာ။ ကိုယ်တွေက ကြားဖြတ်တိုက်တာ။ ၁၇ ယောက်သေတာ မျက်မြင်တွေ့ရတယ်။ အဲဒီထက်ပိုများနိုင်တယ်။ ဒဏ်ရာရတာကိုက မနည်းဘူး။ ဒရွတ်တိုက်ဆွဲသွားတာကော သွေးကွက်တွေကောတွေ့တာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်စောင့်ပြီးတိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

“ကိုယ်တွေဘက်က ငါးယောက် လက်နက်ကြီးထိတယ်။ မစိုးရိမ်ရဘူး၊ ဆေးကုသမှုပေးနေတယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ သူတို့အလောင်းတွေကို မြေမြှုပ်ပေးခဲ့ရသေးတယ်” လို့ သူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက MA-3 တစ်လက်၊ RPG ကျည်ဖူး လေးဖူး၊ ဗုံးသီးတွေ၊ ကျည်ဆန်နှစ်ထောင်ကျော်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ Spring Guerrilla Platoon က ဒီနေ့ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ Spring Guerrilla Platoon (တပ်ခွဲ -၃)၊ KLG PDF ကျောက်လုံးကြီးအဖွဲ့၊ ULFတပ်ပေါင်းစု၊ဒေသခံ LPDFတွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်နဲ့ ဘုတလင်နယ်တွေကို အခုလ ဒုတိယပတ်ကစပြီး နေ့စဉ်နီးပါးစစ်ကြောင်းထိုးနေသလို ဒေသခံတွေဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ရွာမီးရှို့ဖျက်ဆီးခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့ကလည်း ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာစီးနင်းခံရပြီး ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

ပုံစာ-စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ အလောင်းများ။
ဓာတ်ပုံ-spring guerrilla platoon

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."