ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၈ (မော်ကွန်း)
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ စစ်တပ်ပိုင် Mytel ဖုန်းလိုင်းတစ်မျိုးတည်းသာ ဆက်သွယ်လို့ ရနေပြီး အခြားဆက်သွယ်ရေးလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အားလုံးဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်စစ်ပွဲ ပြန်ဖြစ်လာတဲ့ရက်ကစပြီး ဒေသတွင်းကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေး လမ်းတွေကိုလည်း ဖြတ်တောက်ထားလိုက်သလို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကိုပါ ထပ်မံဖြတ်တောက်လာတာပါ။
စစ်တွေမြို့က ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကလည်း လက်ရှိမှာ စစ်တွေမြို့မှာ MPT ၊ Telenor ၊ Ooredoo ဖုန်းလိုင်းတွေ ဇန်နဝါရီ ၁၆ ရက် ညပိုင်းကစပြီးပြတ်တောက်သွားခဲ့ပြီး လက်ရှိမှာ Mytel ဖုန်းလိုင်းတွေပဲ ခေါ်ဆိုလို့ ရနေတယ်လို့ ပြောပါတယ်။
“Mytel ကလည်း အင်တာနက်ဖြတ်ထားတယ်။ ဖုန်းခေါ်တာလောက်ပဲ ရတယ်။ အခု လုပ်ငန်းဖုန်းတောင်မှ Mytel ခဏချိန်းထားရတယ်” လို့ အဆိုပါ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။
မော်ကွန်းအနေနဲ့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိတဲ့ မြို့နယ်တို့က ဒေသခံသတင်းရင်းမြစ်တွေကို ဒီနေ့လယ်ပိုင်းမှာ ဆက်သွယ်လို့ မရတော့ပါဘူး။
အခြားမြို့နယ်တွေဖြစ်တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ ဂွ မြို့နယ်တွေမှာတော့ Mpt နဲ့ Mytel ဖုန်းဆက်သွယ်ရေးလိုင်းတွေတော့ ရသေးပေမယ့် အင်တာနက်လိုင်းတွေကတော့ ပြတ်တောက်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲ့ဒီလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုထားတာတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော် (AA) လက်နက်ကိုင်အဖွဲ့ဟာ ယခုလ ၁၄ ရက်မှာ ပလက်ဝဒေသက စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုမကျန် ရှင်းလင်းသိမ်းပိုက်ပြီးနောက် ဒေသတစ်ခုလုံးကို ထိန်းချုပ်လိုက်ပါတယ်။
AA က ပလက်ဝကိုသိမ်းပြီး နောက်နေ့မှာပဲ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို စတင်ပိတ်လိုက်တာလို့ ရန်ကုန်မြို့ကို ရောက်နေတဲ့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
“ပလက်ဝသိမ်းပြီး နောက်နေ့ပဲ အောက်ပိုင်းတွေမှာ အင်တာနက်အကုန်ပိတ်လိုက်တာပဲ။ အဓိကတော့ သတင်းစီးဆင်းမှု မရှိအောင် လုပ်တယ်လို့ ယူဆတယ်။ အစကတော့ အင်တာနက်ပဲပိတ်တာ။ ဖုန်းလိုင်းရနေသေးတယ်။ အခုဖုန်းလိုင်းပါ မရတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
ပလက်ဝမြို့မှာတော့ AA တပ်ဖွဲ့က မြို့ကို ဝင်ရောက်တိုက်ခိုက်တဲ့ ယခုလဆန်းပိုင်းတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လပိုင်း ကလည်း AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး ၂၀၂၀ မေလပိုင်းမှာမှ ပြန်ဖွင့်ပေးခဲ့တာပါ။
လက်ရှိမှာ ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းတွေကနေ ခရီးသွားလာခွင့်တွေ ပိတ်ထားတာကြောင့် ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှု ရပ်တန့်နေကာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာလည်း မြင့်တက်နေပါတယ်။
ပုံစာ – လက်ရှိတိုက်ပွဲတွေဖြစ်နေပြီး ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ရသေ့တောင်မြို့
ဓာတ်ပုံ – မော်ကွန်း

