ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၉ (မော်ကွန်း)
၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှုဟာ ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာနှစ်ဘီလီယံနီးပါး လျော့ကျသွားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုအချက်အလက်တွေအရ သိရပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နယ်စပ်ကနေ ပို့ကုန်တင်ပို့မှုဟာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ကျဆင်းသွားပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့မှုမှာလည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ကျဆင်းနေတာပါ။
ပြည်ပကို စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် အနုတ်ပြကာ အများဆုံး ကျဆင်းခဲ့တာဖြစ်ပြီး၊ လယ်ယာထွက်ကုန် တင်ပို့မှုကလည်း ဒေါ်လာသန်း ၃၇၀ ကျော် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု စုစုပေါင်း ၂၂ ဒသမ ၇ ဘီလီယံကျော်ရှိကာ ယမန်နှစ်ကထက် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ကျဆင်းနေပြီး ပို့ကုန်တင်ပို့မှုမှာ သိသိသာသာကျဆင်းသွားပါတယ်။
အနောက်နိုင်ငံက ကုမ္ပဏီကြီးအချို့ ပြည်တွင်းက ပြန်ထွက်သွားတာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ များလာတာ၊ ငွေလဲလှယ်နှုန်းမတည်ငြိမ်တာ၊ နယ်စပ်ဒေသတွေ မတည်ငြိမ်တာတွေကြောင့် အခုလို ကုန်သွယ်မှုတွေ ဆက်တိုက်ကျဆင်းလာတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာ အခုက ကုန်ထုတ်လုပ်မှုက မရှိသလောက်ပဲလေ။ ပြည်တွင်းစီးပွားရေးမကောင်းတော့ ကုန်ထုတ်လုပ်မှု ကျဆင်းသွားတယ်။ CMP တွေကအစ ထွက်သွားတယ်။ စီးပွားရေးလုပ်ဖို့ ဆိုတာလည်း တည်ငြိမ်တဲ့ အခင်းအကျင်းလိုအပ်တယ်” လို့ သူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့သွားပါတယ်။
တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကျတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို မြောက်ပိုင်းညီနောင်တပ်တွေက ထိန်းချုပ်ထားတာပါ။
အလားတူပဲ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးပေါ်မှာလည်း တိုက်ပွဲတွေကြောင့် အခက်အခဲတွေတွေ့နေသလို အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာပါ။
တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့နေတဲ့ ကုန်သည်တစ်ဦးကတော့ လက်ရှိမှာ မူဆယ်နယ်စပ်လမ်းကြောင်းပိတ်ထားလို့ မိုင်းလားဘက်ကနေ တင်ပို့ရတဲ့အတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်သွားတာကြောင့် တွက်ချေမကိုက်ဘူးလို့ ပြောပါတယ်။
“ကားခတွေ တန်ဆာခတွေပဲ လေးငါးဆလောက် ကွာသွားတယ်။ ဟိုဘက်မှာလည်း ကားတစ်ဆင့် ထပ်ပြီး ချိန်းရတာနဲ့ ကုန်က ကြာတော့ပျက်စီးတာတွေရှိတယ်။ ဈေးကောင်းမရဘူး။ အဲ့ဒီလိုပဲ လုံးလည်ချာလည်လိုက်နေတာ” လို့ ၎င်းက ပြောပါတယ်။
အိန္ဒိယနိုင်ငံကို ပဲမျိုးစုံတင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးကလည်း အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ တမူး-မိုရေး ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့နေတာ စစ်တပ်အာဏာမသိမ်းမီ ကိုဗစ်ကာလတည်းက ဖြစ်ပြီး လက်ရှိအချိန်ထိ နယ်စပ်လမ်းကြောင်းက မတည်ငြိမ်သေးဘူးလို့ ပြောပါတယ်။
“ကိုဗစ်ပြီးသွားတော့လည်း အဲ့ဒီလမ်းကြောင်းက တောက်လျှောက်တိုက်ပွဲတွေဖြစ်တော့ ပိတ်ထားရတာ အခုက နယ်စပ်က လုံးဝပိတ်နေတော့ ရေကြောင်းတို့ လေကြောင်းတို့က ပို့တာတော့ ရှိတယ်။ ဒါပေမယ့် နယ်စပ်လမ်းကြောင်းလောက်တော့ ကုန်စည်စီးဆင်းမှုက မြန်ဆန်မှုမရှိဘူး။” လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ သန်း ၁၅၀ ကျော် လျော့ကျသွားခဲ့ပြီး ထိုင်းနိုင်ငံကို တင်ပို့မှု ဒေါ်လာ ၁၇၈ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မှုက ဒေါ်လာ ကိုးသန်းကျော်၊ အိန္ဒိယနိုင်ငံကို တင်ပို့မှုက ဒေါ်လာငါးသန်းကျော် အသီးသီး ကျဆင်းသွားတယ်လို့ နယ်စပ်ကုန်သွယ်မှု စာရင်းတွေအရ သိရပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုပမာဏက နှစ်စဉ် ဒေါ်လာ ၃၅ ဘီလီယံကျော် ပျှမ်းမျှရှိနေရာက စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းနှစ်တွေမှာ ပြည်ပကုန်သွယ်မှုပမာဏစုစုပေါင်းက ဒေါ်လ ၂၅ ဘီလီယံ ခန့်ပဲ ရှိတော့တာပါ။
ပုံစာ- တောင်ကြီး-ကျိုင်းတုံ-မိုင်းလားလမ်းကတစ်ဆင့် တရုတ်ပြည်ကို တင်ပို့မည့် ဖရဲသီးနဲ့သခွားမွှေးကားများကို နမ့်စန်မြို့အနီးတွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း

