ရန်ကုန်၊ ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း)
အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ စစ်ပြေး၊ ရဲပြေးတွေအများအပြားပါဝင်တယ်လို့ အကျဉ်းထောင်ထဲက လွတ်မြောက်လာသူတွေက ပြောပါတယ်။
ဒီနေ့လယ် ၁၂ နာရီခန့်ကစပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားတွေကို လွှတ်ပေးနေတာပါ။
လက်ရှိအချိန်ထိ အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ကား ၁၀ စီးကျော် ထောင်ထဲက ထွက်လာပြီဖြစ်ပါတယ်။
အင်းစိန်ထောင်မှာ အကျဉ်းကျနေသူတွေထဲ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေ ထင်ရှားကျော်ကြားသူတွေ ရှိပေမယ့် ယခုချိန်အထိတော့ နိုင်ငံရေးအကျဉ်းသားတော့ မပါဝင်သေးပါဘူး။
လွတ်မြောက်လာသူတွေထဲမှာ လက်နက်မှု၊ ခိုးဆိုးလုယက်မှုတွေ အပါအဝင် စစ်ပြေး၊ ရဲပြေးတွေလည်းပါဝင်နေပြီး ၅၀၅ ပုဒ်မအပါအဝင် နိုင်ငံရေးအမှုတွေလည်း လွှတ်ဖို့ရှိတယ်လို့ အကျဉ်းထောင်က လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။
“အထဲမှာတော့ အများကြီးကျန်သေးတယ်။ ဆက်လွှတ်နေတုန်းပဲ နိုင်ငံရေးအမှုတွေထဲမှာတော့ နှစ်ပြည့်ခါနီးတွေတော့ ပါမယ်ထင်တယ်” လို့ ၎င်းကပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးက အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
အဲ့ဒီအထဲက အင်းစိန်ထောင်ကနေ အကျဉ်းသားအရေအတွက် ၂,၅၀၀ ခန့်လွှတ်ပေးတယ်လို့ လွတ်မြောက်လာသူအချို့က ပြောပါတယ်။
ပုံစာ – အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားတွေကို လွှတ်ပေးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

