ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး သုံးရက်ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကစပြီး နမ္မတူမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေ၊ ရဟတ်ယာဉ်တွေအသုံးပြုကာ ပစ်ခတ်နေတာဖြစ်ပြီး မြို့တွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေလည်း ရှိနေတာပါ။
TNLA ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ နမ့်ခမ်းနဲ့ မန်တုံမြို့တို့ကို သိမ်းပိုက်ထိမ်းချုပ်ထားပြီး မန်တုံမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ နမ္မတူမြို့က စစ်ကောင်စီစခန်းကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
စစ်ကောင်စီတပ်ကလည်း မြို့မကျရေးအတွက် လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မြို့တွင်းပိတ်မိနေတဲ့ ဒေသခံတွေဟာ မိမိအိမ်ခြံဝန်းတွေအနီးမှာ ကတုတ်ကျင်းတွေတူးကာ ဗုံးခိုနေကြရတယ်လို့ ပိတ်မိနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“မနေ့ကလည်း တစ်ညလုံး ပစ်တာ၊ ဒီမနက်အထိ ပစ်နေတုန်းပဲ။ ကတုတ်ကျင်းတွေတူးပြီး ချောင်းဘေးမှာ နေရတယ်။ မီးလည်းမမွှေးရဲဘူး၊ ထမင်းအိုးလည်း မတည်ရဲဘူး။ လေယာဉ်ခဏနားတဲ့အချိန်မှာပဲ ထမင်းချက်စားရတယ်” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
အချို့ဒေသခံတွေကတော့ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ လားရှိုးမြို့ဘက်တွေကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့် မြို့ထဲမှာလည်း စစ်ဘေးမရှောင်နိုင်တဲ့ မိသားစုတွေလည်း အများအပြားရှိနေသေးတယ်လို့ ပိတ်မိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုနားနည်းနည်း ဒီနားနည်းနည်း တစ်နေရာကို လေးငါးယောက်စုပြီး ထွက်ကြတာရှိတယ်။ အချို့လည်း ပိုက်ဆံလည်းအဆင်မပြေတော့ စစ်ရှောင်လို့ မသွားဖြစ်ဘူး။ ကျွန်မတို့ဆိုလည်း ကလေးကလည်းရှိနေတော့ အဆင်မပြေဘူး။ အိမ်နားမှာပဲ ဗုံးခိုကျင်းတူးပြီးနေရတယ်။ အချို့ရပ်ကွက်မှာ အိမ်တွေကို ဗုံးဆံထိတာတွေရှိတယ်” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ဒေသခံ ပရဟိတအဖွဲ့တွေကလည်း မြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ခေါ်ထုတ်ဖို့ စီစဉ်နေပေမယ့် တိုက်ပွဲပြင်းထန်နေတာကြောင့် ကားတွေ ဝင်လို့မရသေးဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ဒီမနက်ဝင်လို့ရတာနဲ့ ဝင်ဖို့ အသင့်စောင့်နေတာ။ လုံခြုံရေး လုံးဝစိတ်ချမရဘူး၊ သွားကူဖို့ ကားတွေ ဝင်သွားတာလည်း ဘယ်လိုမှ ဝင်လို့မရလို့ ပြန်လှည့်လာကြတယ်” လို့ အဲ့ဒီ ပရဟိတသမားက ပြောပါတယ်။
နမ္မတူဒေသခံ ၁,၀၀၀ ကျော်ဟာ လားရှိုးမြို့နဲ့ နီးစပ်ရာ ကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ အဲ့ဒီစစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
ပုံစာ – နမ္မတူမြို့တွင်း ယခုမနက်မြင်ကွင်း
ဓာတ်ပုံ – YMA

