နတ်တလင်း – ၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
အခုလ ၂၃ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမထဲမှာ အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဒေသခံခုနစ်ဦးဟာ အရပ်သားတွေသာဖြစ်တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ ဆက်ဆံရေးတာဝန်ခံ မိုးမခက မော်ကွန်းကိုပြောပါတယ်။
အခုလ ၁၉ ရက်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက်ပဲခူးရိုးမအစပ်မှာ အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရင်း ညံလယ်၊ ရစ်ကွင်း၊ လေးအိမ်တန်းစတဲ့ ကျေးရွာတချို့ကို ဖြန့်ခွဲပြီး မီးရှို့ပစ်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။
နောက်တစ်နေ့မှာ အင်အား ၅၀ ကျော်ပါတဲ့ နောက်ထပ်စစ်ကြောင်းတစ်ကြောင်း ရိုးမအစပ်က ကွင်းကျယ်ရွာကနေ ထပ်တက်လာပြီး ရိုးမထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ပဲခူးရိုးမထဲက ကျေးရွာတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါပြီ။
“ဗိုလ်ကြီးစခန်းရွာ၊ ကွင်းကျယ်ရွာ၊ ကွေ့ကြီးဘက်ကနေ ရှောင်လာတဲ့ ပြည်သူတွေကိုတွေ့တော့ ကျွန်တော်တို့ကပြောတယ်၊ ဒီတိုက်ပွဲဖြစ်နေတဲ့နားတွေမှာ မနေကြဖို့၊ ဒါပေမဲ့ သူတို့ကလည်း ရတယ်ပေါ့၊ အဲဒီမှာပဲ ဒုတိယတက်လာတဲ့ သူတို့စစ်ကြောင်းက ပြည်သူတွေရှောင်နေတဲ့ ကုန်းကိုဝင်ချလာတာ”လို့ မိုးမခက ပြောပါတယ်။
စစ်ရှောင်နေတဲ့ ပြည်သူတွေကို ချက်ချင်းဖမ်းဆီးကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုပြီး တည်နေရာတွေလိုက်ပြခိုင်းကာ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းတစ်ခုကို ခေါ်သွားခဲ့ပါတယ်။
အဲဒီနေရာမှာပဲ ဖမ်းခေါ်လာတဲ့ ဒေသခံအရပ်သား ခုနစ်ဦးကို တစ်နေရာတည်းမှာ စခန်းနဲ့အတူ မီးရှို့သတ်ဖြတ်ပစ်ခဲ့ကြတာပါ။
ရိုးမတော်လှန်ရေးအထောက်အကူပြုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ NRST ကတော့ ဒီဒေသမှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်ဟာ အခုလို အရပ်သားတွေကို အစုလိုက်အပြုံလိုက် ဆိုးဆိုးရွားရွား ရက်ရက်စက်စက်သတ်ဖြတ်ပြတာဟာ အကြောက်တရားသွင်းချင်တာလို့ သုံးသပ်ပါတယ်။
“အရင်က သတ်တာမရှိဘူးလားဆိုတော့မဟုတ်ဘူး။ ဒီလိုပဲသတ်တယ်၊ နေအိမ်တွေမီးရှို့တယ်၊ ဒါပေမဲ့ ခုတစ်ခေါက်လုပ်တဲ့ပုံစံက အညာမှာ စစ်သွေးကြွနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပုံစံမျိုးလုပ်ပြတာ၊ အဓိကတော့ အကြောက်တရားသွင်းချင်တာ၊ ပြီးတော့ အခု ၂၀၂၃ မှာ ရိုးမကို ရန်သူက စနစ်တကျချဉ်းကပ်ဖို့ကြိုးစားလာနေတယ်” လို့ NRST ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မီးရှို့သတ်ဖြတ်ခံရသူတွေအားလုံးဟာ ကွေ့ကြီးရွာဒေသခံတွေဖြစ်ကြပြီး ဦးအေးသောင်း(၃၈နှစ်)၊ ကိုမျိုးဇော်(၂၈နှစ်)၊ ကိုသန်းမင်းအောင်(၂၄နှစ်)၊ ကိုမှုံကြီး(၃၀နှစ်)၊ ဦးထွန်းသန်း(၅၈နှစ်)၊ ကိုမျိုးကြီး(၄၁)နှစ်နဲ့ ဦးအောင်မင်း(၆၀နှစ်)တို့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ဝါဒဖြန့်ချန်နယ်တွေဘက်မှာတော့ သူတို့မီးရှို့သတ်လိုက်တဲ့ အရပ်သားဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် စခန်းမှာထိတွေ့ရင်း ရှင်းလင်းထားတဲ့ပုံစံနဲ့ သတင်းဖြန့်တယ်လို့ တပ်ခွဲ ၄၊ ဆက်ဆံရေးတာဝန်ခံ မိုးမခကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့ကနောက်ဆုံး စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ပြည်သူဟာ ၄,၂၆၀ ကျော်ရှိလာနေပါပြီ။
ပဲခူးရိုးမထဲက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးတာ၊ စစ်ရှောင်တွေကို ဖမ်းဆီးမီးရှို့သတ်ဖြတ်တာနဲ့ ဒေသခံပြည်သူတွေရဲ့ ဝမ်းစာစပါးတွေကိုပါ မီးရှို့တာ၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားတွေကို သတ်ဖြတ်စားသောက်တာတွေ ကျူးလွန်သွားတယ်လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အခုနှစ် စက်တင်ဘာ ၁ ရက်ကလည်း ပဲခူးရိုးမထဲမှာရှိတဲ့ နတ်တလင်းမြို့နယ်၊ ညံလယ်ရွာနဲ့ အောက်ဆင်ဝိုင်းရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးရင်း မီးရှို့သွားခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးထဲပါသွားခဲ့ပါသေးတယ်။
နတ်တလင်းမြို့နယ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းရဲ့ ဇာတိမြို့ဖြစ်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဟာ ပဲခူးရိုးမပေါ်မှာ အခြေစိုက်ကြတာဖြစ်ပြီး NUG တောင်ပိုင်းတိုင်းစစ်ဒေသလက်အောက်ခံ ပြည်ခရိုင်နဲ့သာယာဝတီခရိုင် တပ်ရင်းလေးရင်း၊ မြို့နယ် ပ.က.ဖ၊ ပ.အ.ဖ အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။
ဒီနေရာတွေအားလုံးကို ပြီးခဲ့တဲ့နှစ်ကတည်းက အာဏာသိမ်းစစ်တပ်က ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
ပုံစာ – အခုလ ၂၃ ရက်က အာဏာသိမ်းစစ်တပ်မီးရှို့သတ်ဖြတ်သွားသော ကွေးကြီးရွာဒေသခံများ၏ မီးလောင်ထားတဲ့အလောင်းများ။
ဓါတ်ပုံ – တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄

