မုံရွာ-၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းက ဒဏ်ရာရထားတဲ့ရဲတစ်ဦးကို မုံရွာကိုပို့ဖို့ ပရဟိတကားနဲ့ထွက်လာတဲ့ ရဲနဲ့စစ်သားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တားဆီးစစ်ဆေးချိန်မှာ အပြန်အလှန်ပစ်ခတ်ကြပြီး ရဲနဲ့စစ်သားတွေသေဆုံးသွားတယ်လို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ မုံရွာမြို့နယ် အမှတ် ၂ တိုက်နယ်ပကဖ ဒုတာဝန်ခံတောကျွဲကြီးက မော်ကွန်းကိုပြောပါတယ်။
“(ရဲစခန်းက)ထွက်လာတာကို ကျွန်တော်တို့က လမ်းမှာ အမြဲတမ်းလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သတင်းရလို့ အလင်းဝင်ဖို့အခြေအနေအထိ တားဆီးခဲ့ပါတယ်။ သူတို့က ပြန်လည်ပစ်ခတ်လို့ ကျွန်တော်တို့က တိုက်နယ်ပကဖ၊ ပလဖ၊ တောကျွဲကြီးပြောက်ကြားတပ်ဖွဲ့ပေါ့၊ အားလုံး ခုနစ်ဖွဲ့လောက်ရှိပါတယ်။ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ မစ်ရှင်တစ်ခုကို အောင်အောင်မြင်မြင်ဖန်တီးခဲ့တာပါ” လို့ တောကျွဲကြီးကပြောပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း ပရဟိတကားမောင်းတဲ့ ပြည်သူနှစ်ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သလို အထိအခိုက်လည်း မရှိဘူးလို့ သူကဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲနဲ့စစ်သားငါးဦးသေဆုံးပြီး G-3 သေနတ် နှစ်လက်၊ MA13 တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကလည်း ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမှတ် ၂ တိုက်နယ် ပကဖ၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ God Monywa၊ Golden Eagle၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မုံရွာ ပလဖရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ-ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်လို့ သေဆုံးသွားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားငါးဦးနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်များ
ဓာတ်ပုံ-မုံရွာမြို့နယ်ပလဖ

