ပလက်ဝ – ၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
ပလက်ဝမြို့ကနေ အိန္ဒိယနယ်စပ်ကိုထွက်တဲ့ အဓိကကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကြီး နှစ်ခုကို တစ်လနီးပါးကြာတိုက်ခိုက်ပြီးနောက် ၎င်းတို့သိမ်းလိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော်(AA)က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မြောက်ဘက်မှာရှိတဲ့ ထရွန်အိုင်နဲ့ နှုံးဘူးဗျူဟာကုန်းနှစ်ခုကို AA က သိမ်းနိုင်ခဲ့တာပါ။ ဒီဗျူဟာကုန်းသိမ်း တိုက်ပွဲတွေအတွင်း ရန်သူအလောင်းများစွာနဲ့ လက်နက်ခဲယမ်း အများအပြားရခဲ့ပြီး မိမိတို့ဘက်ကစစ်သည်တော်တွေလည်း အသက်ပေးလှူခဲ့တယ်လို့ AA က ဖော်ပြပါတယ်။
ဒီဇင်ဘာ ၄ ရက်မှာ ထရွန်အိုင်ဗျူဟာကုန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၀ မှာ နှုံးဘူးဗျူဟာကို သိမ်းနိုင်ခဲ့တာလို့ AA က ဆိုပါတယ်။
ဒီဇင်ဘာ ၄ ရက်ထုတ် စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာ ထရွန်အိုင်ဗျူဟာကို AA လာတိုက်လို့ လေကြောင်းပစ်ကူတွေပါသုံးပြီးခုခံခဲ့တာကြောင့် ရန်သူအကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားတယ်လို့ စစ်ကောင်စီပြောခွင့်ရသူကပြောပေမယ့် အဲဒီနေ့မှာကျသွားတဲ့စခန်းအကြောင်းကိုတော့ နောက်ရက်ထုတ် သတင်းစာမှာ ဖော်ပြတာမတွေ့ရပါဘူး။
ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်မှာ အသိမ်းခံရတဲ့ နှုံးဘူးဗျူဟာနဲ့ပတ်သက်ပြီးလည်း စစ်ကောင်စီသတင်းထုတ်ပြန်သူက မနေ့ကထုတ်တဲ့သတင်းစာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် အသိမ်းခံရတဲ့အကြောင်းကို ဒီနေ့ထုတ်သတင်းစာမှာ မဖော်ပြတော့ပါဘူး။
နိုဝင်ဘာ ၁၃ ရက်မှာ ‘၁၀၂၇ စစ်ဆင်ရေး’ ရဲ့ လှုပ်ရှားမှုအဖြစ် ရခိုင်ပြည်နယ်မှာ AA က တိုက်ပွဲဖော်ဆောင်ကတည်းက ဒီအခိုင်အမာအခြေချ ဗျူဟာကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး ၂၇ ရက်အကြာမှာ စခန်းနှစ်ခုစလုံးကို ရခဲ့တာပါ။
ဒီစခန်းကုန်းနှစ်ခုဟာ အိန္ဒိယ-မြန်မာ ကုလားတန်မြစ်ဝှမ်းစီမံကိန်းလမ်းပိုင်းထဲမှာ အဓိကကျတဲ့ စခန်းတွေဖြစ်ပြီး အသိမ်းခံလိုက်ရတဲ့အတွက် ပလက်ဝမြောက်ပိုင်းနဲ့ ချင်းတောင်ပိုင်းဒေသတွေကိုစိုးမိုးရေး စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေရဲ့ တောင်ဘက်မှာရှိတဲ့ ပေါက်တောမြို့မှာ AA နဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒါကို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်း၊ စစ်ရေယာဉ်တွေကပါ ပစ်ကူပေးပြီး ခုခံနေပါတယ်။
AA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ညီနောင်မဟာမိတ်အဖြစ် ကိုးကန့်တပ်၊ တအာင်းတပ်တွေနဲ့အတူ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်ထဲမှာလည်း အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ AA ဟာ စစ်ကောင်စီကို တိုက်ခိုက်နေတာ ‘၁၀၂၇ စစ်ဆင်ရေး’ စကတည်းကပါ။
AA ရဲ့ တိုက်ခိုက်လာမှုကို စစ်ကောင်စီဘက်က တုန့်ပြန်မှုအနေနဲ့ ရခိုင်ပြည်နယ်ကို ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ပိတ်ဆို့ ထားတာ တစ်လခန့် ကြာမြင့်လာပြီဖြစ်သလို ပြည်နယ်အတွင်းက မြို့နယ်ချင်းဆက် လမ်းတွေကိုပါ ပိတ်ထားတာကြောင့် ဒေသခံတွေဟာ အခြေခံဆေးဝါးနဲ့ စားသောက်ကုန်ဈေးကြီးမြင့်မှု၊ စက်သုံးဆီပြတ်လပ်မှုဒဏ်ကို အလူးအလဲခံနေရပါတယ်။
ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ ကိုးကန့်တပ်၊ တအာင်းတပ်၊ ရက္ခိုင့်တပ်က တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းမှုကော်မတီတို့ တရုတ်နိုင်ငံအကူအညီနဲ့ ယူနန်ပြည်နယ်ထဲမှာ မနေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီလကုန်ပိုင်းမှာလည်း ထပ်မံတွေ့ဆုံညှိနှိုင်းဖို့ ရှိတယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်သတင်းစာတွေမှာ သတင်းဖော်ပြထားပါတယ်။ ဒီအကြောင်းကို ညီနောင်မဟာမိတ်တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကုလသမဂ္ဂကလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူဟာ နှစ်သန်းကျော်အထိ ရှိလာသလို အရပ်သားထိခိုက် သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှုတွေလည်း မြင့်တက်လာနေတယ်လို့ သတိပေးထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်ရဲ့ ထရွန်အိုင်ဗျူဟာကုန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်ရရှိစဉ်
ဓာတ်ပုံ-AA info Desk

