မိုးကုတ်မှာလည်း ဓာတ်ဆီဝယ်ယူရခက်နေတဲ့အပြင် ဆိုင်အချို့မှာ တန်းစီပြီးဝယ်ယူနေရ

မိုးကုတ်မှာလည်း ဓာတ်ဆီဝယ်ယူရခက်နေတဲ့အပြင် ဆိုင်အချို့မှာ တန်းစီပြီးဝယ်ယူနေရ

မိုးကုတ် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဓာတ်ဆီဝယ်ယူရခက်နေတာနှစ်ရက်ရှိပြီဖြစ်ပြီး အချိန်ပိုင်းနဲ့ရောင်းပေးတဲ့ ဆိုင်အချ်ို့မှာပဲ တန်းစီဝယ်ယူနေရပေမယ့် လိုသလောက်မရရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းက ဓာတ်ဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီဆိုင်တံခါးတွေပါပိတ်ထားတာကြောင့် ဆီရှာဝယ်ရခက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“ဆီကပိုက်ဆံရှိရင်တောင်ခုရှာဝယ်လို့မရဘူး၊ အနောက်ပိုင်းဆိုမြို့အထွက်ကတစ်ဆိုင်ပဲ အချိန်ပိုင်းနဲ့ခဏဖွင့်ပေးတာ၊ အဲအချိန်ပဲ တန်းစီဖြည့်ရတယ်၊တခြားဘယ်မှာမှမရဘူး “လို့ သူကပြောပါတယ်။

မိုးကုတ်မြို့အထွက် ဓာတ်ဆီဆိုင်က ညနေပိုင်းအချိန်ခဏသာဖွင့်ပေးပြီး ဓာတ်ဆီတစ်လီတာကို ၂,၇၇၅ ကျပ်နဲ့ လူတစ်ဦးကို ၅,၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးတယ်လို့ ဆီသွားဝယ်ခဲ့သူတစ်ဦးကပြောပါတယ်။

“ဝယ်ချင်ရင်တန်းစီရတယ်၊ ဆိုင်ကယ်ထဲပဲပေးထည့်တယ်၊ကားထဲမရဘူး၊ လူတစ်ယောက်ကို ငါးထောင်ဖိုးပဲရတယ်၊ ပုံးတွေထဲလည်းပေးမဝယ်ဘူး၊ ဒါတောင်ခဏပဲဖွင့်တာ၊ တနေကုန်မရဘူး၊ သူများတွေအများကြီးပဲ ပုံးကိုင်ပြီး ဆီလိုက်ရှာနေကြတယ် “လို့သူကပြောပါတယ်။

မိုးကုတ်မြို့မှာ အခုလို ဆီဝယ်ယူရခက်နေတာကြောင့် ဆိုင်ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ အလုပ်သွားရတာ ခက်ခဲလာနိုင်တယ်လို့ ပန်းရံလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

” အခုလို ဆိီဝယ်ရခက်ရင် ရေရှည်ဆိုအဆင်မပြေဘူး၊တနေရာနဲ့တနေရာသွားဖို့လည်းအဆင်မပြေပါဘူး၊ဆိုင်ကယ်နဲ့သွားတော့တစ်ရက်ရတာ ၁၅,၀၀၀ ကို ဆီဖိုးတင် ၅,၀၀၀ လောက်ကုန်ပြီလေ၊ လုပ်ရကိုင်ရတော့ခက်နေပြီ”လို့ သူကပြောပါတယ်။

မိုးကုတ်မြို့မှာ ဒီဇင်ဘာ ၆ရက် ညနေပိုင်းကစတင်ပြီး ဆီတွေဝယ်မရတော့တဲ့အပြင် ဆီရတဲ့ဆိုင်အချို့မှာလည်း ဒီနေ့မနက်ပိုင်းက လူတွေတန်းစီပြီး အလုအယက်ဝယ်ယူခဲ့ကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းက Denko ဓာတ်ဆီဆိုင်ဟာလည်း နိုဝင်ဘာ ၂၅ရက် နံနက်က မိုင်းခွဲဖောက်ခွဲခံခဲ့ရတာကြောင့်ဆီပန့်နှစ်ခုမီးလောင်ခဲ့တဲ့အပြင် ဆိုင်လည်း မီးလောင်ပျက်စီးခဲ့တာကြောင့် ပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

မိုးကုတ်မြို့မှာ ဒီဇင်ဘာ ၅ရက်ကစတင်ပြီးလျှပ်စစ်မီးပြတ်တောက်နေတာကြောင့် မီးစက်နှိုးဖို့ ပြည်သူတွေဓာတ်ဆီကိုလိုအပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

စက်သုံးဆီပြတ်တောက်မှုတွေကို ရန်ကုန်၊ မန္တလေးလိုအပါအဝင် မြို့ပြကြီးတွေမှာ ရင်ဆိုင်နေရပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရတာတွေ၊ ဆီဈေးမြင့်တက်လာမှုတွေပါ ကြုံတွေ့နေရပါတယ်။

ပုံစာ – မိုးကုတ်မြို့မှ စက်သုံးဆီဆိုင်တစ်ဆိုင်

ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."