ရခိုင်မှာ စက်သုံးဆီပြတ်လို့ စပါးရိတ်မရဖြစ်နေကြ

ရခိုင်မှာ စက်သုံးဆီပြတ်လို့ စပါးရိတ်မရဖြစ်နေကြ

ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၄ (မော်ကွန်း)

ပြည်မနဲ့ ရခိုင်ကို ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ပစ်လိုက်တဲ့နောက် ပြည်နယ် အတွင်းမှာစက်သုံးဆီပြတ်လပ်နေတာကြောင့် ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးခင်းတွေ ပျက်ဆီးရဖို့ ရှိနေ တယ်လို့ ရခိုင်ပြည်နယ်က လယ်သမားတချို့ ပြောပါတယ်။

“ တချို့ စပါးခင်းတွေက ရိတ်သိမ်းဖို့တောင် လွန်နေပြီ။ တချို့အခင်းတွေလည်း ရိတ်ရမယ့် အခြေအနေပေါ့။ အခုက စက်သုံးဆီမရှိလို့ ရိတ်ကြဖို့ဒုက္ခတွေ့နေကြတာပေါ့” လို့ ရခိုင်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

ဒီနှစ်ရခိုင်က လယ်တွေ အသီးသီးနှုန်းကောင်းပြီး တစ်ဧက ပျှမ်းမျှ ၈၀၊ ၈၅ တင်း အထိ ထွက်နိုင်ပေမယ့် အခုတော့ အချိန်မီ မရိတ်နိုင်လို့ ပျက်ဆီးမယ့်အရေးကို တွေ့ကြုံနေကြရတာလို့ ၎င်းက ဆက်ပြောပါတယ်။

“ စာတင်ထားတာရှိတယ်။ ဒီဇယ်ကို သယ်ဆောင်ခွင့် ပေးဖို့ပေါ့။ စစ်တွေမှာ ဒီဇယ်ရှိတယ်လေ။ ဒီစပါးရိတ်ဖို့ဟာက စစ်နဲ့တော့ မဆိုင်ဘူးလို့ထင်တယ်လေ” လို့ ၎င်းက ပြောတယ်။

ကျောက်တော်ဒေသက လယ်တွေရဲ့ တစ်ဧကစိုက်စရိတ် ပျမ်းမျှအရင်းအနှီးက ငါးသိန်းကျပ်ဝန်းကျင်မှာ အနည်းဆုံးရှိပြီး ကြုံတွေ့နေတဲ့ အခြေအနေတွေကြောင့် စပါးရိတ်စက်ခတွေ၊ စက်သုံးဆီဈေးတွေဟာ မိုးထိမတတ်မြင့်တက်နေတယ်လို့ ရခိုင်ဒေသခံတချို့က ပြောပါတယ်။

အခုပေါက်ဈေးက ဒီဇယ်တစ်ပေပါ ကျပ် ၂၂ သိန်း၊ စပါးရိတ်စက်ခက တစ်ဧက ကျပ်နှစ်သိန်းအထိ ဖြစ်နေပေမယ့် မြို့နယ် အတွင်းမှာ စက်သုံးဆီပြတ်နေလို့ လုပ်ငန်းတွေ ရပ်ထားကြရတယ်လို့ ကျောက်တော် လယ်သမားက ပြောပါတယ်။

“ ကျွန်တော်တို့ကို (စစ်ကောင်စီက) လာပြောကြတယ်။ စိုက်ချိန်မှန်အောင်စိုက်၊ မျိုးမှန်အောင်စိုက်၊ ရိတ်ချိန်မှန်အောင်ရိတ်ကြ ဘာညာပေါ့လေ။ ဒါပေမဲ့ အခု စပါးရိတ်ရမယ့်အချိန်ရောက်မှ စစ်ဖြစ်နေလို့ မရိတ်ရဘူးဆိုတော့၊ စပါးရိတ်မရအောင် ပိတ်ထားသလို ဖြစ်နေတာပေါ့။ ဒါက အကုန်လုံး ပျက်ဆီးသွားမယ့်သဘောပေါ့” လို့ ၎င်းက ပြောပါတယ်။

ရခိုင်မှာ စပါးစိုက်ဧကများတဲ့ ကျောက်တော်နဲ့ မြောက်ဦးဒေသမှာ ရိတ်သိမ်းခြွေလှေ့စက်တွေ ရှိပေမယ့် မောင်းဖို့ စက်သုံးဆီ ပြတ်လပ်နေတာက အဓိက ပြဿနာလို့ လယ်သမားတချို့က ဆိုပါတယ်။

ရသေ့တောင်မြို့နယ်က လယ်သမားတစ်ဦးကတော့ စက်သုံးဆီပြတ်၊ စပါးရိတ်စက် ငှားမရတဲ့ ပြဿနာကြောင့် အခုအထိ သူတို့ ဒေသကလယ်တွေ မရိတ်ကြရသေးဘူးလို့ ပြောတယ်။

ရိတ်သိမ်းချိန်လွန်နေပြီဖြစ်တာကြောင့် တချို့လယ်တွေမှာ အညှောင့်ပေါက်၊ အပင်ပြန်ထွက်နေတာတွေတောင် ရှိတယ်လို့ ဆိုတယ်။

“ အခုက စက်ဆီရော၊ စက်ရော ရှာမရ၊ ငှားမရတာပေါ့။ ဆိုင်ကယ်ဆီတောင် တစ်ဘူး(တစ်လီတာ)ကို တစ်သောင်းကျော် ဖြစ်နေပြီလေ။ ဝယ်ချင်တိုင်းမရဘူး” လို့ ပြောတယ်။

တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့ခံ တစ်ဝက်လောက်ဟာ မြို့ကိုစွန့်ခွာသွားပြီးဖြစ်တယ်လို့ သူက ပြောပြီး ပေါက်တောမြို့ပေါ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေလိုသာ သူတို့ဒေသမှာ ဖြစ်လာခဲ့ရင် ပြေးစရာစက်သုံးဆီတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ကုန်သည်များနှင့်စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ဥက္ကဌ ဦးဘိုနီကတော့ လယ်သမားတွေ ရိတ်သိမ်းကြဖို့ ဒီဇယ်သယ်ယူခွင့်၊ တင်သွင်းခွင့်တွေကို တင်ပြလာတာရှိပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထားတယ်လို့ မော်ကွန်းရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြောပါတယ်။ ဒါပေမဲ့ ရိတ်သိမ်းချိန်အမီ စက်သုံးဆီ ရ၊ မရ ကိစ္စကို မေးမြန်းတဲ့ အပေါ်မှာတော့ သူက မှတ်ချက်တစ်စုံတစ်ရာ မပြောပါဘူး။

ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၃ ရက်ကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) တို့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်ပွဲတွေပြန်ဖြစ်ခဲ့သလို ဒီနေ့အထိတိုက်ခိုက်နေကြဆဲပါ။ အဲဒီတိုက်ပွဲတွေပြန်ဖြစ်လာကတည်းက ရခိုင်ပြည်နယ်နဲ့ ပြည်မ ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းတွေ၊ ဒေသတွင်းက မြို့နယ်ချင်းဆက်သွယ်ထားတဲ့လမ်းတွေကို စစ်ကောင်စီက သွားလာခွင့်ပိတ်ထားတာဒီနေ့အထိပါ။

တစ်ကျော့ပြန်တိုက်ပွဲတွေနောက်ပိုင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကူးလူးဆက်ဆံခွင့်နဲ့ ကုန်စည်သယ်ဆောင်ခွင့်တွေ ဖြတ်ပစ်လိုက်တဲ့အတွက် အခြေခံဆေးဝါး၊ စားကုန်နဲ့ စက်သုံးဆီတွေ အဆမတန် ဈေးမြင့်နေတယ်လို့လည်း ဒေသခံ တချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်တွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၆ဒသမ၃ ရာခိုင်နှုန်ဟာ အဲဒီပြည်နယ်မှာ နေထိုင်နေကြတယ်လို့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်တဲ့ စစ်အာဏာရှင်ဖြုတ်ချရေး “၁၀၂၇” ထိုးစစ်တွေကြောင့် အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ရှမ်းမြောက်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်နေကြတာပါ။

ပုံစာ- ရခိုင်မြောက်ပိုင်း စစ်မြေပြင်တစ်နေရာမှာ လှုပ်ရှားနေကြတဲ့ AA တပ်သားများကို နိုဝင်ဘာနှောင်းပိုင်းက တွေ့ရစဉ်။

ဓါတ်ပုံ- AA Info

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."