ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမာခံတပ်စခန်းကုန်းတစ်ခုကို သိမ်းပိုက်လိုက်တယ်လို့ တအောင်း၊ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ဒီနေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
အဲ့ဒီ စခန်းကုန်းကို TNLA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်စဉ်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ဆင်ရေးကာလတစ်လနီးပါးခန့်အကြာ မနေ့က ညသန်းခေါင်ယံအချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းပြီး သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
အဲ့ဒီစခန်းဟာ လားရှိုးမြို့နဲ့ မိုင် ၆၀ ခန့် ကွာဝေးကာ လားရှိုး-သိန္နီလမ်းပေါ်ကနေ မိုင်းယော်တိုက်နယ်ဘက်ကိုတက်တဲ့ လမ်းခွဲအနီးမှာ တည်ရှိပြီး စစ်ကောင်စီတပ်ရဲ့ ဒေသတွင်းစစ်ဗျူဟာကုန်းတစ်ခုဖြစ်တယ်လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“လားရှိုးနဲ့တော့ အတော်ဝေးတယ်။ ရေပူဂိတ်အကျော်မှာရှိတာ။ အရင်ကတော့ အဲ့ဒီမှာ ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိတယ်။ စခန်းက အခိုင်အမာကို ဆောက်ထားတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။
အဲ့ဒီ မိုင်းကျက်စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ ရုပ်သံဖိုင်ကိုလည်း TNLA ရဲ့ တယ်လီဂရမ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တာဝေးပစ် ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စက်သေနက်နဲ့ လက်နက်ငယ်တွေ အများအပြားရရှိထားတယ်လို့လည်း ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်အသုံးပြုခဲ့တယ်လို့သိရပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လနီးပါးကာလတွင်းမှာ စစ်ကောင်စီဟာ စစ်စခန်းပေါင်း ၁၀၀ ကျော်ထိ လက်လွှတ်ပေးလိုက်ရပါတယ်။
ဒါ့အပြင် တရုတ်နယ်စပ်အနီးက ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံကိုး၊ နမ့်ခမ်း အစရှိတဲ့ မြို့တွေကိုလည်း ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ပုံစာ – မိုင်းကျက်စစ်ဗျူဟာကုန်းကို TNLA က သိမ်းပိုက်ထားတဲ့မြင်ကွင်း
ဓာတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေးး

