ကောလင်း-၂၀၂၃ နိုဝင်ဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကိုပြန်ရဖို့ စစ်ကောင်စီတပ်တွေ မနေ့က မြေပြင်ကော၊ ဝေဟင်ကနေပါ ထိုးစစ်ဆင်တိုက်နေတယ်လို့ Kawlin Revolution-KR ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားတယ်လို့ KR က အခုလိုပြောပါတယ်။
“မြို့ကိုကာကွယ်ရေး(အဖွဲ့တွေ)က ထိန်းထားပြီး စစ်ကောင်စီက လာတိုက်တာတွေ ရှိနေပါတယ်။ လေကြောင်းနဲ့ လာတိုက်ချိန်မှာ ထိခိုက်မှု အသေးစိတ် မသိရသေးပါဘူးဗျ။ စကစက မြေပြင်ရော ဝေဟင်ရော တိုက်နေတာပါ။ မြို့ပေါ်အခြေအနေကတော့ မတည်ငြိမ်သေးပါဘူး” လို့ KR က တာဝန်ရှိသူက ပြောပါတယ်။
ကောလင်းမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကောလင်းမြို့ရဲ့ မြောက်ဘက်က ကပ်လျက်မြို့တစ်ခုဖြစ်တဲ့ ဝန်းသိုကနေအင်အား တစ်ရာဝန်းကျင်နဲ့ ချီတက်လာတာလို့ KR က ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်စစ်ကြောင်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကောလင်းခရိုင် တပ်ရင်း(၁)၊(၂)၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ ရှေ့ဆက်မတိုးနိုင်လို့ မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းပစ်ကူနဲ့ တပ်ပြန်ဆုတ်သွားတယ်လို့ Kawlin Revolution-KR က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေ ကောလင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစာလာနေတဲ့အတွက်
“တိုက်ပွဲဧရိယာအတွင်းက ပြည်သူတွေအားလုံး ပြန်ထုတ်ထားပါတယ်ဗျ” လို့ KR က တာဝန်ရှိသူကဆိုပါတယ်။
မနေ့က မနက်ပိုင်းကလည်း ကောလင်းမြို့ကို စစ်ကြောင်းထိုးဖို့ အင်အားနှစ်ရာကျော်နဲ့ ကျွန်းလှမြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးကာ လက်နက်၅၉ လက်နဲ့ ခဲယမ်းမီးကျောက်တွေ အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ အခုချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
မန္တလေး-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းဆုံမြို့တစ်မြို့လည်းဖြစ်သလို ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ ကောလင်းမြို့ကို အခုလ ၆ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်တွေက ထိန်းချုပ်နိုင်ခဲ့တာပါ။
ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့သလို ဒီနေ့ကောလင်းမြို့ပေါ်တိုက်ပွဲမှာလည်း နှစ်ဦးထပ်မံကျဆုံးခဲ့တယ်လို့ Kawlin Revolution-KR က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ က မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တို့ကိုလည်း သိမ်းပိုက်ရရှိတာ အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ပုံစာ-အခုလ ၆ ရက်က ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးအလံလွှင့်တင်စဉ်
ဓာတ်ပုံ-NUG

