ကန့်ဘလူ-၂၀၂၃ နိုဝင်ဘာ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့လက်အောက်ခံအဖွဲ့တွေက အခုလ ၉ ရက်ကစပြီး ဒေသခံတွေကို မြို့ပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ကန့်ဘလူနဲ့ ကျွန်းလှမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာစိုးတာကြောင့် ဒေသခံတွေကို ဓားစာခံလုပ်ဖို့ စစ်ကောင်စီတပ်တွေက မြို့ပြင်မထွက်ခိုင်းတာလို့ သူကဆိုပါတယ်။
“ကောလင်းသိမ်းပြီးတဲ့အချိန်မှာ ကျွန်းလှနဲ့ ကန့်ဘလူမြို့ကို သိမ်းမယ်အသံတွေကြားလာတော့ လူထုကလန့်ပြီးတော့ မြို့ထဲကနေ မြို့ပြင်ထွက်ဖို့လုပ်ကြတဲ့အခါမှာ အကြမ်းဖက်စစ်ကောင်စီက အထွက်မခံတာ။ အကြမ်းဖက်စစ်ကောင်စီက သူတို့ပြောနေတဲ့ပုံစံကတော့ လူထုကိုကာကွယ်ချင်လို့ လို့ပြောနေတာရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့(ဒေသခံတွေ)ကို လူသားတံတိုင်းအဖြစ်သုံးပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဒေသခံတွေ မြို့ပြင်မထွက်ကြဖို့ လိုက်လံဆော်ဩတာမျိုးမဟုတ်ဘဲ မြို့အဝင်အထွက်ဂိတ်တွေမှာ ဒေသခံတွေကို အထွက်မခံတာလို့ သူကပြောပါတယ်။
“မြို့ထဲအဝင်တော့ရတယ်၊ အထွက်မရဘူး” လို့ သူကဆိုပါတယ်။
မြို့ကနေထွက်ခွာခွင့်ပိတ်ထားတာကြောင့် ကန့်ဘလူနဲ့ ကျွန်းလှမြို့ပေါ်မှာ စီးပွားရေးလုပ်ငန်းတွေရပ်တန့်နေပြီး ကုန်ကားအဝင်အထွက်တွေလည်း ပိတ်ထားတာကြောင့် ဒေသခံတွေစားဝတ်နေရေး အခက်အခဲတွေလည်း ကြုံတွေ့လာနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အဲဒီအပြင် အရေးပေါ်နာမကျန်းဖြစ်တဲ့လူတွေကို အခြားမြို့တွေကို ပို့ဆောင်ကုသဖို့လည်း အခက်အခဲတွေကြုံလာရသလို ဒေသခံတွေလည်း စိုးရိမ်မှုတွေမြင့်တက်လာနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
“ကောလင်းမြို့သိမ်းတိုက်ပွဲလုပ်တော့ မြို့ထဲမှာ ပြည်သူတွေပိတ်မိပြီး စစ်ကောင်စီက ဗုံးနဲ့ကြဲချတဲ့အချိန် ထိခိုက်သေဆုံးတာတွေကြားရတော့ ကိုယ်တွေအပါအဝင်ပြည်သူတွေက မနေရဲကြတော့ဘူး။ ကောလင်းလိုထပ်ကြုံမှာကြောက်ကြတာ။ အဲဒါကြောင့် မြို့ပေါ်ကထွက်ကြဖို့ လုပ်ကြတာ အထွက်မခံတော့ ဒုက္ခတအားရောက်တယ်။
ကားလိုင်းတွေလည်း အခွံပဲပြန်ခိုင်းတယ်၊ လူတစ်ယောက်မှ အတင်မခံဘူး” လို့ ဒေသခံတစ်ဦးက ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို ပြောထားပါတယ်။
ကန့်ဘလူနဲ့ ကျွန်းလှမြို့တွေပေါ်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့ပတ်လည်မှာ ကင်းပုန်းတွေချထားသလို အစစ်ဆေးတင်းကြပ်နေပြီး စစ်အင်အားတွေလည်း ဖြည့်တင်းနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က တာဝန်ရှိသူက ပြောပါတယ်။
အခုလ ၆ ရက်က ကန့်ဘလူ၊ ကျွန်းလှမြို့တွေနဲ့ ကပ်လျက်ရှိတဲ့ မန္တလေး-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းဆုံမြို့လည်းဖြစ်သလို ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ကောလင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မဟာမိတ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ က မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တို့ကိုလည်း သိမ်းပိုက်ရရှိကာ အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ပုံစာ-ကျွန်းလှနဲ့ကန့်ဘလူမြို့ပေါ်ကမြင်ကွင်းများ
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)

