ရန်ကုန်-၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ထိုးစစ်ဆက်လက်အရှိန်မြင့်နေဆဲဖြစ်သလို မနေ့က ကောလင်းမြို့ကိုသိမ်းထားနိုင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တပ်ဖွဲ့တွေဟာ ဒီနေ့မှာတော့ အိန္ဒိယနယ်စပ်သွား လမ်းကြောင်းပေါ်က အဓိကမြို့တစ်ခုဖြစ်တဲ့ ခမ်းပတ်ကို သိမ်းလိုက်နိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီညနေမှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ကလေး-တမူး-မိုးရေး(အိန္ဒိယ) သွားကားလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ဟာ စစ်ရေးအရအရေးပါပြီး ဘေးကပ်လျက် ချင်းတောင်တန်းတွေပေါ်က ချင်းတော်လှန်ရေးတပ်တွေနဲ့ မြေပြန်အင်အားစုတွေ ပေါင်းစုဖို့ ဗျူဟာကျတယ်လို့ လေ့သာသူတချို့က ပြောပါတယ်။
အောက်တိုဘာလနှောင်းပိုင်းကစတင်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ဟာ ဒီနေ့မနက်ပိုင်းမှာ မြန်မာ-တရုတ်နယ်စပ်က မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သလို ၁၁ ရက်လောက်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ပေါင်း ရာနဲ့ချီသိမ်းထားပါတယ်။
ဒါအပြင် ရှမ်းမြောက်ရဲ့ မဟာဗျူဟာလမ်းမကြီးတွေကို လွှမ်းမိုးထားဆဲဖြစ်သလို တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော်မြို့တွေကို သိမ်းထားနိုင်ပြီး နမ့်ခမ်းမြို့အပြင် ရှမ်းမြောက်ဒေသမြို့တော်လားရှိုးနဲ့ နယ်ချင်းဆက်နေတဲ့ သိန္နီကိုလည်း ဝိုင်းပတ်ထိန်းချုပ်ထားတယ်လို့ ညီနောင် တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း တန်နဲ့ချီပြီး စစ်လက်နက်ပစ္စည်းတွေ စစ်ကောင်စီတပ်တွေထံကနေ တော်လှန်ရေးအင်အားစုတွေက သိမ်းထားနိုင်သလို တင့်ကားခုနစ်စီးအထိ သိမ်းပိုက်နိုင်ပြီးလို့ ညီနောင် မဟာမိတ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့တပ်တွေထံ စစ်ကူတွေကို ပို့မရ၊ ကူမရအခြေအနေနဲ့ကြုံနေရပြီး ညီနောင်မဟာမိတ်အဖွဲ့တွေထဲက တအာင်းတပ်(TNLA)နဲ့ NUG လက်အောက်ခံ မန္တလေးအခြေပြု MDY-PDF တို့က တပ်မြို့တော်လို့ခေါ်တဲ့ ပြင်ဦးလွင်မြို့အနီးက နောင်ချို့မြို့အထိ တိုက်ပွဲဖော်ဆောင်ပြီး စစ်ကောင်စီလမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်တယ်လို့ စစ်ရေးအကဲခတ် တချို့က ပြောပါတယ်။
ဒါအပြင် မန္တလေး-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းဆုံမြို့လည်းဖြစ်သလို ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ကောလင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မဟာမိတ်တွေက သိမ်းပြီး ဆက်လက်ထိန်းထားနိုင်သလို မြောက်ပိုင်းတိုက်ပွဲတွေကရမိတဲ့ စစ်လက်နက်ခဲယမ်းတွေ စစ်ကိုင်းတိုင်းကို ပိုမိုရောက်ရှိလာရင် မြို့သိမ်းတိုက်ပွဲတွေ အရှေ့မှာ ပိုမြင်ရဖို့ ရှိတယ်လို့ စစ်ရေးအကဲခတ်တချို့က ခန့်မှန်းပါတယ်။
ဒီတိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေတာ ပြန်မပွင့်သေးသလို ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်း ထဲမှာ စစ်ဘေးရှောင်း ဒုက္ခသည်တွေ တိုးလာနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁၆ သိန်းကျော် ရှိသလို ဒီမတိုင်မီက ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရသူတွေနဲ့ပေါင်းရင် လူ ၂ သန်းကျော် ဒုက္ခသည် ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- အန္ဒိယနယ်စပ်သွားလမ်းကြောင်းပေါ်က ခမ်းပတ်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်စခန်း(ဒစက)ကို သိမ်းပြီးနောက် စစ်ကောင်စီအလံကိုဖြုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအလံကို တင်ပို့ ပြင်ဆင်နေတဲ့ တော်လှန်ရေးတပ်သားတစ်ဦး။
ဓါတ်ပုံ- အမျိုးသားညီညွတ်ရေးအစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန။

