ရှမ်းမြောက် – ၂၀၂၃ နိုဝင်ဘာ ၄ (မော်ကွန်း)
တအောင်းတပ်ဖွဲ့ (TNLA ) ဟာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းငါးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ တိုက်ပွဲသတင်းအနှစ်ချုပ်အနေနဲ့ ကြေညာပါတယ်။
လားရှိုးမြို့၊ TNLA တပ်မဟာ (၆) ဒေသက ဂျာယန်ပြည်သူ့စစ်စခန်းကို ဒီကနေ့နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ ပြည်သူ့စစ် ၃၈ ဦးနဲ့အတူ လက်နက်မျိုးစုံ ၇၈ လက်နဲ့ခဲယမ်းတွေအပါအဝင် ရာဘမူးယစ်ဆေးဝါး အထုတ်ကြီး ၃၉ ထုတ်ကျော်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဂျာယန်ပြည်သူ့စစ်စခန်းက တာဝန်ရှိသူ လေးဦးကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်တဲ့ တပ်ဖွဲ့ဝင် ၃၄ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
တပ်မဟာ (၆) ဒေသမှာပဲ လားရှိုးမြို့နယ်၊ မိုင်းယန်းပြည်သူ့စစ်စခန်းကိုလည်း ဒီကနေ့နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကလည်း နမ့်ခမ်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းနှစ်ခုဖြစ်တဲ့ ဝါရော့တပ်စခန်းနဲ့ ထိန်ကန်ကျေးရွာနားက စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ်က မိုးလိုစခန်းကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က တစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့နယ်က မိုင်းကျက်စခန်း၊ နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာမှာ စခန်းချနေတဲ့ တပ်တွေကို TNLA က သွားရောက်တိုက်ခိုက်ရာမှာ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းပစ်ကူ၊ Mi – 35 ၊ ဂျက်ဖိုက်တာတွေနဲ့ လာရောက်ပစ်ခတ်ပေးခဲ့တယ်လို့ဆိုပါတယ်။
နောင်ချိုက လယ်တောကြီးရွာကိုတော့ တိုက်ပွဲမဖြစ်ဘဲ အာဏာသိမ်းစစ်တပ်ဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးဒဏ်ရာပြင်းထန်စွာရထားပြီး နေအိမ်သုံးလုံးလည်း ထိမှန်ပျက်စီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – TNLA ထုတ်ပြန်သော ယနေ့တိုက်ပွဲသတင်းအနှစ်ချုပ်မှ သတင်းဓါတ်ပုံများ
ဓါတ်ပုံ – PSLF/TNLA (News & Information Department )

