ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း)
မြောက်ပိုင်းမဟာမိတ်တွေရဲ့ ပြင်းထန်လွန်းတဲ့ ထိုးစစ်တွေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ အလူးအလဲခံနေရသလို တစ်ပတ်ခန့်ကြာလာပြီးဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ မြို့လေးမြို့အထိ သူတို့ထိန်းချုပ်ထားနိုင်ပြီလို့ မဟာမိတ်တပ်တွေဘက်က ထုတ်ပြန်ပါတယ်။
“၁၀၂၇ စစ်ဆင်းရေး” စတင်လာတာ တစ်ပတ်နီးပါးရှိလာချိန်မှာ ရှမ်းမြောက်ဒေသက သိန္နီ၊ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ ဖောင်းဆိုင်မြို့တွေကို သူတို့ ထုတ်ချုပ်ထားနိုင်ပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေက ထုတ်ပြန်ပါတယ်။
ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ၊ စစ်ဘေးရှောင်တွေ တိုးလာနေသလို ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေတာ တစ်ပတ်လောက်ရှိလာပါပြီ။
ဒီကာလအတွင်း စစ်ကောင်စီရဲ့ သံချပ်ကာတိုက်ခိုက်ရေးယာဉ်ခြောက်စီးအထိ မဟာမိတ်တွေဘက်က သိမ်းနိုင်ခဲ့သလို ထောင်နဲ့ချီတဲ့ လက်နက်ခဲယမ်းတွေကိုလည်း စခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ ရရှိထားတယ်လို့ ထုတ်ပြန်လာပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးတဲ့တပ်သားတွေ အများအပြားရှိသလို ရာနဲ့ချီတဲ့တပ်သားတွေ အလင်းဝင်လာကြပြီး မြောက်ပိုင်းမဟာမိတ်တွေဘက်မှာလည်း အကျအဆုံးတချို့ ရှိနေတယ်လို့ တိုက်ပွဲထုတ်ပြန်ချက်သတင်းတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြို့သုံးမြို့ လက်လွတ်ဆုံးရှုံးခဲ့ရတာကို ပြည်တွင်းမီဒီယာတစ်ခုနဲ့ အမေးအဖြေမှာအတည်ပြုပေမယ့် လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းပေါ်က အဓိကမြို့ သိန္နီသိမ်းခံရတာကို မပြောပါဘူး။
ဒီနေ့ မနက်ပိုင်းမှာ ကိုးကန့်ဒေသ၊ တုံးရှမ်းနယ်ထဲက စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကိုးကန့်တပ်(MNDAA)က ဆက်လက်သိမ်းဆည်းနိုင်သလို သူ့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ တအာင်းတပ်(TNLA)ကလည်း နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးအကြားမှာရှိတဲ့ ရွှေလီမြစ်ကူးတံတားက စစ်ကောင်စီရဲကင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်(AA)တို့ ပူးပေါင်းထားတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေနဲ့အတူ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ PLA၊ BPLA နဲ့ MDY-PDF အဖွဲ့တွေကလည်း “၁၀၂၇ စစ်ဆင်ရေး” မှာ ပူးပေါင်းဆင်နွှဲနေတာဖြစ်ပြီး အရှိန်မြင့်လာတဲ့စစ်ပွဲကို ရပ်တန့်ကြဖို့ အိမ်နီးချင်းတရုတ်နိုင်ငံကတော့ ပြောဆိုလာပါတယ်။
ဒါအပြင် အဲဒီဒေသတွင်းက အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ‘ဝ’တပ်(UWSA)နဲ့ မိုင်းလားတပ်(NDAA) တို့ကတော့ သူတို့နယ်မြေနဲ့ ပြည်သူကိုကာကွယ်မှာဖြစ်ပြီး သူတို့ပိုင်နက်ကို တစ်ဖွဲ့ဖွဲ့က ကျူးကျော်လာရင် တုန့်ပြန်တိုက်ခိုက်မယ်လို့ မနေ့က သတင်းထုတ်ပြန် အသိပေးထားပါတယ်။
ပုံစာ- ဒီနေ့မနက်ပိုင်းက ကိုးကန့်နယ်၊ တုံးရှမ်းဒေသ၊ရှမ်းထုတ်ကျိုင့် စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်(MNDAA)က သိမ်းယူနိုင်ခဲ့ပုံ။
ဓါတ်ပုံ- ကိုးကန့်မီဒီယာ

