ရှမ်းမြောက်ကစစ်ရှောင်တွေ အရေးပေါ်အကူအညီတွေလိုအပ်နေ

ရှမ်းမြောက်ကစစ်ရှောင်တွေ အရေးပေါ်အကူအညီတွေလိုအပ်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)-၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်၊ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေကြသူတွေကပြောပါတယ်။

“ အခုက မြို့ထဲမှာ သွားသွားလာလာ အခက်အခဲလည်းရှိပါတယ်။ အခုလောလောဆယ်က ဆန်လာလှူတဲ့သူရှိတယ်။ ဆန်နဲ့ ဆေးနဲ့ လိုအပ်တယ်” လို့ ကျောက်မဲမြို့နယ် ကောင်းခန်ရွာမှာ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ လေးရာကျော်အထိရှိတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်း TWO က မနေ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံဦးရေ ခြောက်ထောင်ကျော်အထိရှိလာနေပြီး အကူအညီမရသေးတဲ့ စစ်ရှောင်စခန်းတွေလည်း အများအပြားရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။

“တိုက်ပွဲတွေကြောင့် အင်တာနက်၊ ဖုန်းလိုင်းပြတ်တာ၊ လမ်းကြောပိတ်တာတွေကြောင့် အကူအညီတွေမရောက်သေးတဲ့ စခန်းတွေလည်းရှိတယ်။ စစ်ရှောင်စခန်းတွေမှာ အစားအစာ၊ ဆေးဝါးနဲ့ အနွေးထည်တွေအရေးပေါ်လိုအပ်နေပါတယ်” လို့ သူကပြောပါတယ်။

တအောင်းအမျိုးသမီးအဖွဲ့အစည်း TWO ကလည်း စစ်ရှောင်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ အိပ်ယာခင်း၊ ခြင်ထောင်တွေအပြင် အနွေးထည်၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

TWO ရဲ့ အချက်အလက်တွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေဟာ လားရှိုးမြို့နယ်ထဲမှာ ၅,၆၂၆ ဦး၊ ကျောက်မဲမြို့မှာ ၄၅၀၊ ကွတ်ခိုင်နဲ့ တာမိုးညဲမှာ ၃၃၀ နဲ့ စစ်ရှောင်ဦးရေစုစုပေါင်း ၆,၄၀၆ ဦးအထိရှိတယ်လို့ သိရပါတယ်။

မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေဟာ အခုလ ၂၇ ရက်ကစလို့ ရှမ်းမြောက်ဒေသကို ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ပုံစာ-ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်များ
ဓာတ်ပုံ-Nang San San Aye

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."