ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း)
ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်၊ လောက်ကိုင်စတဲ့ မြို့နယ်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတေ ပြန်မလာနိုင်ဘဲ ပိတ်မိနေတယ်လို့ အဆိုပါ ဒေသကိုရောက်ရှိနေတဲ့ အလုပ်သမားတွေဆီက သိရပါတယ်။
ယခုသီတင်းကျွတ်ကာလမှာ နေအိမ်ပြန်ဖို့ စီစဉ်ထားပေမယ့် တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ခရီးသည်တင်ကားတွေ မပြေးဆွဲနိုင်သေးလို့ အိမ်မပြန်ရသေးဘူးလို့ လောက်ကိုင်မြို့က ကားဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဖြိုးက ပြောပါတယ်။
“ကျွန်တော်တို့ တစ်ဖွဲ့လုံး ပြန်ဖို့ စောင့်နေတာ။ အိမ်ကလည်း စိတ်ပူနေလှပြီ။ ပြန်ဖို့က လမ်းတွေက ဘယ်မှာမှ စိတ်မချရသေးဘူး။ လိုင်းကားတွေလည်း ဒီနေ့ထိမထွက်ကြသေးဘူး။ ဒီက အလုပ်သမားတွေအားလုံး အိမ်ပြန်ချင်ကြပြီ။ လောက်ကိုင်မှာလည်း ဘယ်တော့တိုက်ပွဲဖြစ်မလဲ မသိသေးဘူး” လို့ ၎င်းက ပြောပါတယ်။
အလားတူ မူဆယ်မြို့မှာလည်း တရုတ်နိုင်ငံဘက်က အလုပ်လုပ်ပြီးပြန်လာတဲ့ မြန်မာနိုင်ငံသား အများအပြား အိမ်ပြန်ဖို့စောင့်နေကြတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းတိုက်ပွဲတွေကြောင့် တရုတ်ကလည်း နယ်စပ်ပြန်ပြီး လုံခြုံရေးတင်းကြပ်ထားတယ်။ ဟိုဘက်လည်း ပြန်မရ၊ ဒီဘက်လည်း ဝင်မရတော့ဘူးဆိုတော့ ဒီကအလုပ်သမားတွေ ပိတ်မိနေတာပေါ့။ ပြန်ချင်တဲ့သူတွေ များတယ်။ လိုင်းကားက မရှိဘူး” လို့ အဆိုပါ မူဆယ်ဒေသခံက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးကို ရှမ်းမြောက်ဒေသတစ်ခွင်မှာ ယခုရက်ပိုင်း စတင်ခဲ့ပါတယ်။
ယခုလ ၂၇ ရက်မှာ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲ ငါးရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ သိန္နီ-ကွမ်းလုံ လမ်း မူဆယ်-ကွတ်ခိုင်-သိန္နီ-လားရှိုးလမ်း၊ လားရှိုး-မန္တလေးလမ်းပိုင်းတွေကို ပိတ်ဆို့ထားတာကြောင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ရပ်တန့်နေပါတယ်။
လက်ရှိမှာ ရန်ကုန်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ လားရှိုးမြို့တွေကို ပြေးဆွဲတဲ့ ခရီးသည်တင်ကားတွေရဲ့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားတယ်လို့ ခရီးသည်တင်ယာဉ်လိုင်းတွေဆီက သိရပါတယ်။
ဧရာဝတီ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူတစ်ဦးကတော့ “ဘယ်တော့လောက်ပြန်ဖွင့်မလဲ မသိသေးဘူးဗျ။ လားရှိုးအထိဆိုရင်တောင် မသေချာသေးဘူး။ အခုက လမ်းတွေမှာ ပိတ်ထားတယ်။ တံတားတွေလည်း ကျိုးနေတယ်။ လမ်းကြောင်းကတော့ တော်တော်နဲ့ ပွင့်အုံးမှာမဟုတ်သေးဘူး” လို့ ပြောပါတယ်။
အဲ့ဒီလို လမ်းကြောင်းတွေပိတ်ဆို့နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို ကုန်စည်စီးဆင်းမှု ရပ်တန့်နေကာ လားရှိုး၊ မူဆယ်၊ လောက်ကိုင် စတဲ့မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အဆိုပါဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေသလို လျှပ်စစ်မီးလည်း မလားဘူးလို့ ကွတ်ခိုင်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာ မီးမလာတာ လေးရက်ရှိပြီ။ အင်တာနက်လိုင်းလည်း မရသေးဘူး။ ဖုန်းလိုင်းကတော့ ရလိုက်မရလိုက်နဲ့ပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေဟာ တရုတ်နယ်စပ်က ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားကာ ပြည်ထောင်စုလမ်းပေါ်က သိန္နီ၊ နောင်ချို စတဲ့ မြို့နယ်တွေကိုလည်း ဝင်ရောက်တိုက်ခိုက်ကာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ သုံးရက်အတွင်းမှာ သိန္နီမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကျတဲ့ တောင်ကုန်းတွေအပါအဝင် စခန်း ၇၀ နီးပါးကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားကာ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းပိုက်ရရှိထားတယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပုံစာ – မူဆယ်မြို့ကို ဒီနေ့မနက်ပိုင်းမြင်ရတဲ့ မြင်ကွင်း
ဓာတ်ပုံ – ပေးပို့

