ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၄ (မော်ကွန်း)
ဈေးနှုန်းမြင့်တက်လာတာကိုထိန်းချုပ်ဖို့ စားသုံးဆီကို ပြင်ပပေါက်စျေးထက်လျှော့ချပြီး ခွဲတမ်းစနစ်နဲ့ ရောင်းချပေးနေတာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် ဆီဈေးနှုန်းတွေကတော့ ကျဆင်းမသွားဘူးလို့ ဆီကုန်သည်တွေနဲ့ ဆီလက်လီလက်ကား ရောင်းဝယ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ စားသုံးဆီဈေးဟာ စစ်ကောင်စီရဲ့ ရည်ညွှန်းလက်ကားဈေးမှာ တစ်ပိဿာကို ၄,၇၀၀ ကျပ် ဝန်းကျင်ရှိနေပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင်မှာပဲ ရှိနေသေးတယ်လို့ စားဆီဈေးကွက်ကနေ စုံစမ်းသိရပါတယ်။
စားအုန်းဆီ လက်ကားရည်ညွှန်းဈေးကို ပုံမှန်ထုတ်ပြန်နေတဲ့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဟာ ယခုသီတင်းပတ်အတွင်းမှာ စားသုံးဆီရည်ညွှန်းလက်ကားဈေး နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး တစ်ပိဿာ ၄,၃၉၅ ကျပ်ကနေ ၄,၇၂၅ ကျပ်ကို မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီကဖွဲ့စည်းထားတဲ့အဆိုပါကော်မတီဟာ စားသုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတွေကို ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းဖြစ်တဲ့ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ အဲဒီထက် ပိုများနေတာပါ။
စစ်ကောင်စီအနေနဲ့ စားအုန်းဆီကို သက်သာတဲ့ ရည်ညွှန်းလက်ကားဈေးနှုန်းနဲ့ တန်းစီရောင်းချပေးမှုတွေကို ယခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ စတင် ပြုလုပ်လာပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကတစ်ဆင့် စားဆီတင်သွင်းတဲ့ကုမ္ပဏီတွေကနေ လက်လီလက်ကားရောင်းချတဲ့ ဆိုင်တချို့ကိုခွဲတမ်းအဖြစ်ချပေးတာဖြစ်ပြီး အဲ့ဒီခွဲတမ်းကို ပြန်ရောင်းချနေတာပါ။
ဒါပေမယ့် လုံလောက်တဲ့ဆီပမာဏပံ့ပိုးမပေးနိုင်တာကြောင့် ပြင်ပဈေးကွက်မှာပေါက်တဲ့ဈေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်နေရပြီး ဈေးနှုန်းမကျဆင်းဘူးလို့ ဆီလက်လီလက်ကားရောင်းချသူတွေက ပြောပါတယ်။
ဒါ့အပြင် ဆီလက်လီလက်ကားဆိုင်တွေအနေနဲ့လည်း မှောင်ခိုဈေးကွက်အတွင်းကတစ်ဆင့်ဝယ်ယူကာ ရောင်းချနေရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က ဆီလက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။
“အခုက မှောင်ခိုတစ်ဈေး၊ ခွဲတမ်းတစ်ဈေးပေါ့။ ခွဲတမ်းနဲ့ရတဲ့သူတွေက မှောင်ခိုဈေးကွက်ထဲပြန်ရောင်းတယ်။ ဈေးကမကျတဲ့အပြင် ဆီကို လိုသလောက်ရဖို့မလွယ်ဘူး။ ရည်ညွှန်းဈေးအတိုင်းကတော့ တန်းစီတဲ့ သူတွေလောက်ပဲရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနဲ့ အရေးယူမယ်လို့ အသိပေးထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်ထိတော့ အရေးမယူသေးပါဘူး။
မြန်မာနိုင်ငံတွင် စားသုံးဆီသုံးစွဲမှုဟာ တစ်နှစ်ကို တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာရှိတာကြောင့် နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပုံစာ – သာကေတမြို့နယ်က ဆီဆိုင်တစ်ဆိုင်မှာ စားသုံးဆီခွဲတမ်း တန်းစီဝယ်ယူနေသူများကိုတွေ့ရစဉ်
ဓာတ်ပုံ – မော်ကွန်း

