လှည်းကူး-၂၀၂၃ အောက်တိုဘာ ၁၁ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ကူညီကယ်ဆယ်ရေးတွေမရောက်သေးလို့ သောက်သုံးရေနဲ့ ရိက္ခာတွေ အရေးပေါ်လိုအပ်နေတဲ့ ကျေးရွာတွေ အများအပြားရှိနေတယ်လို့ လှည်းကူး Information Centre က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အရေးပေါ်အကူအညီလိုအပ်နေတဲ့ ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်ရှိပြီး အဲဒီရွာတွေထဲက တချို့နေအိမ်တွေဟာ ရေမြုပ်တဲ့အထိကိုဖြစ်နေပြီလို့ သူကပြောပါတယ်။
“ကျေးရွာဘက်မှာ အကူအညီရောက်တယ်ဆိုပေမယ့် လုံလုံလောက်လောက်မဟုတ်ဘူး။ ပြောရမယ်ဆို လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်။ အခုရွာဘက်တွေကနေဆက်သွယ်လာတယ်။သောက်ရေတွေ၊ အစာခြောက်တွေ လိုအပ်တယ်။ ရိက္ခာဝယ်ဖို့ သွားဖို့လာဖို့ ဘာမှအဆင်မပြေတာကြောင့် သွားပြီးလှူဒါန်းပေးဖို့ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိနေတယ်ဗျာ” လို့ သူကပြောပါတယ်။
လှည်းကူးမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း ရွာတွေဘက်မှာ သောက်သုံးရေတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
“ရွာဘက်တွေဆို သောက်ရေသန့်၊ အစာခြောက်၊ ဓာတ်ဆားထုပ်တွေပေါ့။ နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေ ဝမ်းပျက်ဝမ်းလျောတို့ဖြစ်နိုင်တာကို။ သောက်ရေကတော့ ရွာဘက်တွေမှာလိုနေတယ်။ တချို့က ရေသန့်မသောက်ကြဘူး။ကန်ရေပဲ သောက်ကြတာ။ အဲ့တော့ သောက်ရေကလိုတယ်။ သူတို့ကန်ရေကလည်း ရေနစ်သွားတာကို” လို့ဆိုပါတယ်။
လှည်းကူးမြို့ပေါ်မှာတော့ ဒီနေ့ မိုးထပ်မရွာတာကြောင့် ရေဆက်တက်နိုင်တဲ့အနေအထားမရှိပေမယ့် သိသိသာသာကျနိုင်မယ့် အခြေအနေလည်းမရှိသေးဘူးလို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ လှည်းကူးမြို့နယ်ထဲက မလစ်၊ ရှမ်း၊ အဝိုင်း စတဲ့ရွာတွေအပြင် ၁၀ရွာဝန်းကျင်က ထောင်ချီတဲ့ဒေသခံတွေဟာ အရေးပေါ် သောက်သုံးရေနဲ့ စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
လှည်းကူးမြို့နယ်မှာ ရေနစ်မြုပ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်ငါးခုနဲ့ အနီးကကျေးရွာတွေက ရေဘေးရှောင်ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်အထိရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။
ပုံစာ-လှည်းကူးမြို့နယ်ထဲမှာ အခုလ၇ ရက်ကစပြီး ရေဝင်လို့ ထောင်ချီတဲ့ဒေသခံတွေကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းထားရပါတယ်။
ဓာတ်ပုံ-Hlegu Information Centre

