အနည်းဆုံးအခကြေးငွေပြင်ဆင်ချက် အလုပ်သမားတွေနစ်နာနိုင်

အနည်းဆုံးအခကြေးငွေပြင်ဆင်ချက် အလုပ်သမားတွေနစ်နာနိုင်

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၀ (မော်ကွန်း)

စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ ပြင်ဆင်ချက်က အလုပ်သမားတွေအတွက် အကျိုးမရှိဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ဝေဖန်ပြောဆိုပါတယ်။

ယခုလ ၁ ရက်ကစပြီး အလုပ်သမား ၁၀ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းတွေအတွက် တစ်ရက်လုပ်ခ ၄,၈၀၀ ကျပ် အပြင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ပေါင်းကာ အနည်းဆုံးလုပ်ခလစာကို ကျပ် ၅,၈၀၀ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ယခုလ ၉ ရက် ရက်စွဲနဲ့ ​ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီရဲ့ အဆိုပါထုတ်ပြန်ထုတ်ပြန်ချက်ဟာ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်တာလား ထောက်ပံ့ကြေးတိုးသတ်မှတ်ပေးတာလား ရှင်းရှင်းလင်းလင်း မရှိဘဲ အလုပ်သမားတွေ နစ်နာနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။

“ပြောရရင် နားလှည့်ပါးရိုက်လုပ်သလိုပဲလို့ထင်တယ်။ လစာလား ထောက်ပံ့ကြေးလား မသဲကွဲဘူး။ ပြီးတော့ အချိန်ပိုကြေးတွေ ရက်မှန်ကြေးတွေနဲ့ ရောထွေးသွားနိုင်တယ်။ အချိန်ပိုကြေးကိုလည်း တစ်ရက်ကို ၄,၈၀၀ နှုန်းနဲ့ တွက်ရမှာလား၊ ၅,၈၀၀ နဲ့တွက်ရမှာလားပေါ့ ရှုပ်ထွေးနေတယ် ” လို့ အလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ အများအပြားရှိနေကာ အလုပ်သမားတွေအတွက် အကာအကွယ်မဲ့နေတယ်လို့လည်း ၎င်းကပြောပါတယ်။

“ပြောရရင် အလုပ်သမားအဖွဲ့အစည်းတွေကလည်း လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ဘူး။ အလုပ်အကိုင်ကလည်း ရှားပါးနေတော့ ရတဲ့လခလေးနဲ့ လုပ်နေရသူတွေအများကြီး။ အနည်းဆုံးလုပ်ခလစာကိုတောင် မရတဲ့သူတွေ၊ အခွင့်အရေးချိုးဖောက်ခံရတာတွေ အများကြီးရှိနေသေးတယ်” လို့ အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေတွေကြောင့် အစိုးရသတ်မှတ်တဲ့ အနည်းဆုံးလုပ်ခလစာဟာ မလောက်ငှဘူးလို့ တောင်ဒဂုံစက်မှုဇုန်က အထည်ချုပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“တစ်ရက်ကို ပိုက်ဆံငါးထောင်ကိုင်ပြီး သုံးကြည့်ဗျာ၊ ဈေးသွားဝယ်ကြည့် လောက်လားလို့။ တာဝန်ရှိသူတွေသေချာလေ့လာသင့်တယ်။အလုပ်သမားတွေ အလုပ်ချိန်ဘယ်လောက်ထိလုပ်နေရလဲ။ တစ်ရက်လောက်ရက်ပျက်သွားရင် စက်ရုံက ဘယ်တွေဖြတ်နေလဲ သေချာလေ့လာဖို့လိုတယ်၊ တစ်ရက်တစ်သောင်းလောက်မှ အဆင်ပြေတဲ့ လုပ်ခလစာဖြစ်မယ် ” လို့ ၎င်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လုပ်ခလစာဟာ ဒေသတွင်းမှာအနည်းဆုံးဖြစ်နေပြီး ထိုင်းနိုင်ငံ အခြေခံလုပ်ခလစာနဲ့ နှိုင်းယှဉ်ပါက ငါးဆခန့် ကွာဟနေတယ်လို့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာလုပ်သားတစ်ဦးက မှတ်ချက်ပြုပါတယ်။

“ဒီက အခြေခံလစာက တစ်ရက် ဘတ် ၃၀၀ လောက်တော့ အနိမ့်ဆုံးရတယ်။ ကျွန်တော်နိုင်ငံနဲ့ ယှဉ်ရင်တော့ ငါးဆမကဘူး။ အဲ့ဒါကြောင့်လည်း ပြည်ပကိုပဲ ထွက်လာတာပိုများတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ အဆိုပါသတ်မှတ်ချက်ဟာ အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနဲ့ သက်ဆိုင်ခြင်းမရှိစေရလို့ ဖော်ပြထားပြီး အဲဒီထောက်ပံ့ကြေး ၁,၀၀၀ ကျပ်ကိုလည်း CMP စက်ရုံ၊ အလုပ်ရုံတွေကိုပဲပေးဖို့ ရည်ညွှန်းဖော်ပြထားပါတယ်။

လက်ရှိမှာ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်လလစာ တစ်နာရီလျှင် ၆၀၀ ကျပ် နှုန်းနဲ့ အလုပ်လုပ်ချိန်ရှစ်နာရီ အတွက် ၄,၈၀၀ ကို ၂၀၁၃ က စတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပုံစာ – အထည်ချုပ်စက်ရုံတစ်ခုက အလုပ်သမားများ
photo – World Bank Myanmar

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."