ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၆ (မော်ကွန်း)
ဩဂုတ်လဆန်းပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာစုမှာ ဧရာဝတီမြစ်ရေတိုက်စားလို့ ကမ်းပြိုပြီး ရေဘေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတစ်ထောင်ကျော် နေရပ်ပြန်ကြပြီလို့ ဟင်္သာတခရိုင်လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။
“ရေကလည်းပြန်ကျသွားပြီဆိုတော့ သူတို့နေအိမ်တွေပြန်ပြီး ပြန်လည်ထူထောင်ရေးတွေလုပ်နေကြတယ်။ အိမ်ထောင်စု ၁၀ စု လောက်ကတော့ ကမ်းပြိုတဲ့ထဲနေအိမ််တွေပါသွားလို့ တာပေါ်မှာပဲ တဲထိုးပြီးနေနေရတုန်းပဲ ” လို့ သူကပြောပါတယ်။
ကမ်းပြိုမှုကြောင့် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်၊ ငှက်ပျောတော၊ အုန်းတောနဲ့ တာငုတ်ကျေးရွာတွေက နေအိမ် ၂၀၀ ကျော်ရေမြုပ်ခဲ့ပြီး လူဦးရေတစ်ထောင်ကျော် ရေဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ဟင်္သာတခရိုင် လူမှုကူညီရေးအသင်းထံမှသိရပါတယ်။
မြန်မာနိုင်ငံ မုတ်သုန်ရာသီ၊ ရေကြီးကာလမှာ ဧရာဝတီမြစ်ရေတက်လာခဲ့ပြီး ကမ်းပြိုကျလို့ အဲဒီရွာတွေက ဒေသခံတွေဟာ သုံးလနီးပါး ရေဘေးတိမ်းရှောင်ခဲ့ရတာပါ။
ဟင်္သာတမြို့နယ်လိုပဲ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာလည်း ပြီးခဲ့တဲ့လက ကမ်းပြိုကျလို့ လူဦးရေ ၃၀၀ ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေထံမှသိရပါတယ်။
ပြီးခဲ့တဲ့လတွေကစလို့ မုတ်သုန်ရာသီ မိုးများပြီးမြစ်ရေတက်မှုကြောင့် နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၁၀ မြို့ကျော်ရေကြီးမှုကြုံခဲ့ရတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ နဲ့ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့မှာ မိုးကြီးပြီးမြေပြိုမှုကြုံခဲ့ရသလို ဟင်္သာတမြို့နယ်နဲ့ ဒလမြို့နယ်မှာလည်း ကမ်းပြိုမှုကြုံခဲ့ရတာပါ။
ပုံစာ- ဩဂုတ်လက အိပ်ပျက်ကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမှုကြောင့် ရေဘေးရှောင်နေသည့်မြင်ကွင်း။
ဓာတ်ပုံ- ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေး နှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်။

