ကန့်ဘလူ – ၂၀၂၃ အောက်တိုဘာ ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက ကျီးပင်အက်ရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဒီနေ့လယ်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ပြီး ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အခုစစ်ကြောင်းထိုးခံနေရတဲ့ ကျီးပင်အက်ရွာဟာ အိမ်ခြေလေးရာဝန်းကျင်ရှိတယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကြောင်းထိုးနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေပြီး ရွာကိုမီးရှို့တာ၊ ဒေသခံတွေဖမ်းခံရတာ စတဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
အခုလက်ရှိအချိန်မှာတော့ ကျီးပင်အက်ရွာအပြင် အနီးနားကရွာတွေဖြစ်တဲ့ ခအုံးတာ၊ သရက်တော၊ ငှက်ပျောတိုင်း၊ ပေကြီး စတဲ့ရွာတွေက ထောင်ချီတဲ့ ဒေသခံတွေ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“(စစ်ကောင်စီတပ်တွေက)ငှက်ပျောတိုင်းမှာ အထိုင်ချဖို့လုပ်နေကြတာ။ အဲ့လိုလုပ်ရင်းကနေ ခမရ ၃၆၁ က အနီးကရွာတွေကို ဝင်ပြီး စစ်ကြောင်းထိုးတဲ့သဘောပါ” လို့ မြေပြင်အခြေအနေကို သူကပြောပါတယ်။
ကန့်ဘလူ၊ကျွန်းလှနယ်ထဲမှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏစစ်ကြောင်းထိုးတဲ့အပြင် ရွာတွေမီးရှို့တာ၊ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်တာတွေရှိတာကြောင့် ကျေးရွာပေါင်းသုံးဆယ်ကျော်က ဒေသခံသုံးသောင်းကျော်ဟာ အမြဲတမ်းစစ်ရှောင်နေရပါတယ်။
အဲဒီအမြဲတမ်းစစ်ရှောင်သုံးသောင်းကျော်ဟာ စစ်ကောင်စီတပ်တွေ ရွာတွေကိုမီးရှို့လိုက်တာကြောင့် ပြန်စရာမရှိတော့တဲ့သူတွေနဲ့ စစ်ကောင်စီတပ်တွေရွာထဲ တပ်စွဲထားလို့ နေရပ်ပြန်မရတော့တဲ့သူတွေဖြစ်ပြီး စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၉ သန်းကျော်အထိရှိလာနေပြီး အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေဟာ ကျီးပင်အက်ရွာကို ဒီနေ့ နေ့လယ်ပိုင်းက လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းထားပါတယ်။
ဓာတ်ပုံ-mimu

