ဆားလင်းကြီး-၂၀၂၃ အောက်တိုဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ လေကြောင်းကနေတိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေပါ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“မြေပြင်အဖွဲ့တွေနဲ့လည်း အနည်းအကျဉ်းတော့ အထိအခိုက်တော့ ဖြစ်တာပေါ့။ သူတို့ဘက်က ထိလို့ ပစ်တာလားတော့ မသိဘူး။ အဲဒီနားမှာဆို အနည်းဆုံးတော့ ၁၀ ရွာ ဝန်းကျင်လောက်တော့ ရှိတယ်။ ပြေးတာကတော့ အကုန်ပြေးရတာပဲ။ လူဦးရေအတိအကျတော့ ခန့်မှန်းရခက်တယ်။ အနည်းဆုံးတော့ သုံးထောင်ကျော်မှာဗျ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနက် ၁၀ နာရီခွဲဝန်းကျင်က MI-35 ရဟက်ယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆားလင်းကြီးနယ်ထဲက ဘိုက်သရက်ရွာကို ပိုပြီးပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။
လက်ရှိအချိန်ထိတော့ စစ်အင်အားအများအပြားပါတဲ့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ဘယ်ကိုဆက်သွားမယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
“ စစ်ကားတွေလည်းပါတယ်။၁၆ စီးလောက်ဆိုတော့ အင်အားက တော်တော်လေးတော့များတယ်ဗျ။စစ်အင်အားက သုံးရာလောက်ခန့်မှန်းတာပေါ့ “ လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင်နယ်ထဲက ဘိုက်သရက်၊ လည်ငေါက်၊ တဲစု၊ မတောင့်တ စတဲ့ရွာတွေအပါအဝင်ကျေးရွာ ၁၀ရွာဝန်းကျင်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံဦးရေဟာ ၁ ဒဿမ ၉ သန်းကျော်အထိရှိလာတဲ့အပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုထားပါတယ်။
ပုံစာ-ဆားလင်းကြီးနဲ့ယင်းမာပင်နယ်အစပ်ကရွာတွေကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

