ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂ (မော်ကွန်း)
ပဲခူးမြို့မှာ မိုးများပြီးမြစ်ရေတက်လာလို့ မြေနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စု ၁၄ စုကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းထံမှသိရပါတယ်။
“လောလောဆယ် အိမ်ထောင်စု ၁၀ စုကို ဓမ္မာရုံရွှေ့ထားတယ်။ နောက်ထပ် လေးစုကိုတော့ ရထားလမ်းမအနီးတစ်ဝိုက်ကို ပြောင်းရွှေ့ထားပါတယ်။ ရေက မြေနိမ့်ပိုင်းမှာဆို ခါးကျော်နေပြီ။ အရင်ရေကိုမှီတော့မယ် ပြောတယ်။ ကျွန်တော်အခု ရေထဲဆင်းတော့မယ်” လို့ အဲဒီ လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။
ပဲခူးမြစ်ရေဟာ လက်ရှိ စိုးရိမ်ရေအမှတ်အောက် တစ်ပေအကျော်မှာ ရှိနေပြီး လာမယ့် ၂၄ နာရီ အတွင်းမှာ စိုးရိမ်ရေအမှတ်ကိုကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပဲခူးမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေကို မြစ်ရေတွေစဝင်လာပြီလို့ လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
ပဲခူးမြစ်ရေဟာ ဩဂုတ်လ နဲ့ စက်တင်ဘာလ တွေမှာ စိုးရိမ်ရေအမှတ်ကျော်ခဲ့ပြီး အခုတစ်ခေါက်ကတော့ တတိယအကြိမ် မြစ်ရေပြန်တက်လာတာပါ။
ဩဂုတ်လက ပဲခူးမြို့မှာ မြစ်ရေကြီးမှုကြောင့် လူဦးရေတစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်နဲ့ ရခိုင်ပြည်နယ်အနီးမှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတာကြောင့် အခုလအတွင်း ပဲခူးမြို့အပါအဝင် မဒေါက်၊ ပုသိမ်၊ မအူပင်၊ ဘားအံ နဲ့ မြဝတီမြို့ တွေမှာ မိုးများပြီး မြစ်ရေတွေ စိုးရိမ်ရေအမှတ်အထက်ကို ကျော်ဖို့ ရှိတယ်လို့ မိုးဇလ ညွှန်ကြားရေးမှူး၊ ဦးလှထွန်းကပြောထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြစ်ရေကြီးကာလဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်၊ နဲ့ စက်တင်ဘာလ မှာ နိုင်ငံတစ်ဝှမ်းက မြို့ပေါင်း ၁၀ မြို့ကျော်မှာ မြစ်ရေတွေစိုးရိမ်ရေအမှတ်ထက်ကျော်ခဲ့လို့ ရေကြီးမှုဒဏ်ကြုံခဲ့ရတယ်လို့ မိုးဇလစာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ- အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်း။
ပုံစာ – ဒီကနေ့ ပဲခူးမြို့ မြစ်ရေတက်လာမှုမြင်ကွင်း။
#Dailynews

