ယင်းမာပင်-၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဒေသခံတွေဖမ်းဆီးတာတွေကြောင့် နှစ်လကျော်ကြာထွက်ပြေးနေရတဲ့ ကျေးရွာနှစ်ဆယ်ကျော်က ဒေသခံတွေ ရွာမပြန်နိုင်သေးဘဲ စားနပ်ရိက္ခာအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက မော်ကွန်းကိုပြောပါတယ်။
“ သူတို့က စားရေးသောက်ရေး အဓိကလိုအပ်တာ။ အချိန်ကြာလာတော့ အခက်အခဲဖြစ်လာတာပေါ့။ ရွာတွေက လှူပေမယ့် လူများတာကော ရေရှည်ဆိုတော့ အခက်အခဲတွေက ရှိတာပဲ။ အခုလက်ရှိတော့ သူတို့က နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေ၊ စစ်ကြောင်းကင်းနိုင်မယ့်နယ်မြေတွေမှာ တဲထိုးနေတာတွေရှိတယ်” လို့ စစ်ကိုင်းစစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
ယင်းမာပင်နယ်ထဲကို စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လနှောင်းပိုင်းကတည်းက မကြာခဏစစ်ကြောင်းထိုးတာ၊ သစ်ခိုးထုတ်တာတွေလုပ်ဆောင်နေပြီး ရွာတွေကိုစီးနင်းဒေသခံတွေလည်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိတာကြောင့် ရွာမပြန်ရဲကြဘဲ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ပြန်ထွက်သွားတယ်လို့ ကြားထားပေမယ့် မသေချာသေးဘူးလို့ ဒေသခံ ပကဖ အဖွဲ့တွေကပြောပါတယ်။
“ စစ်ကြောင်းဝင်သွားတဲ့နေရာတွေက စစ်ကြောင်းပြန်ထွက်သွားပြီကြားပေမယ့် ဒေသခံအဖွဲ့တွေ နယ်မြေရှင်းလင်းရေးမဝင်ရသေးတော့ ပြန်လို့မရသေးဘူး။ စစ်ကြောင်းကလည်း ရှိတာလိုလို မရှိတာလိုလိုဆိုတော့ အဖွဲ့တွေလည်း သွားရခက်နေတာ” လို့ ဆိုပါတယ်။
နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ဝန်းကျင်ဟာ ယင်းမာပင်အရှေ့မြောက်ဘက်အခြမ်းက ရွာ ၂၀ ကျော်အပြင် ဘုတလင်နယ်ထဲက ကျေးရွာတွေက ဒေသခံတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံဦးရေဟာ ၁ ဒဿမ ၉ သန်းကျော်အထိရှိလာတဲ့အပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုထားပါတယ်။
ပုံစာ-ယင်းမာပင်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦး
ဓာတ်ပုံ-ပေးပို့
#Dailynews

