ကန့်ဘလူ-၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်ဩဂုတ်လအထိ မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင် တစ်ရာကျော်ရှိပြီး သေဆုံးသူ ၁၁ ဦးအထိရှိလာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မြွေကိုက်ခံရတဲ့ စစ်ရှောင်တွေက တချို့ကျ ပြေးရင်းလွှားရင်းကိုက်ခံရတာဆိုတော့ ဆေးအချိန်မီမကုနိုင်တော့ သေသွားတာတွေရှိတယ်။ တချို့ကျတော့ ကုသပေးနေရင်း သေဆုံးသွားတာတွေလည်းရှိတယ်ဗျ။
မြွေကိုက်ခံရလို့ သေတဲ့ထဲမှာ ၁၄ နှစ်အရွယ်ကလေးငယ် တစ်ယောက်ပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာ၊ ထန်းကုန်း၊ ဇီးကုန်းစတဲ့နယ်တွေကဖြစ်ပြီး အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီး ၃၁ ဦးဖြစ်ပါတယ်။
အဲဒီထဲက အသက်သေဆုံးသူတွေဟာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ကန့်ဘလူ၊ ကျွန်းလှနယ်ထဲမှာ အဆိပ်ပြင်းမြွေအမျိုးအစားတွေဖြစ်တဲ့ မြွေပွေးနဲ့ မြွေဟောက်တွေပေါများပြီး မြွေဆိပ်ဖြေဆေးလိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။
“မြွေဆိပ်ဖြေဆေးက လောက်တယ်လို့ကိုမရှိတာ။မြေပြင်မှာ ဆေးလိုအပ်ချက်က မြင့်တယ်။ မြွေကိုက်ခံရလို့ ရောက်လာတာ နောက်ကျတဲ့သူဆိုရင် ဆေးအလုံးရေအများကြီးထိုးရတော့ ဆေးလိုအပ်ချက်ကတော့ များတယ်ဗျ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ကန့်ဘလူနယ်ထဲမှာ စစ်ကောင်စီတပ်တွေ မကြာခဏစစ်ကြောင်းထိုးတာကြောင့် အမြဲတမ်းစစ်ရှောင်ရွာပေါင်း ၃၀ ကျော်က ဒေသခံ သုံးသောင်းကျော်ရှိပြီး နီးစပ်ရာတောတွေ၊ စစ်ရှောင်စခန်းတွေမှာနေထိုင်ရင်း စစ်ကောင်စီတပ်စစ်ကြောင်းအန္တရာယ်အပြင် မြွေဆိုးအန္တရာယ်ပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အခုလ ၄ ရက်ကလည်း စစ်ကောင်စီတပ်တွေ ထန်းကုန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလို့ ထွက်ပြေးရင်း မြွေကိုက်ခံခဲ့ရတဲ့ အသက် ၃၈ နှစ်အရွယ် အင်းလယ်ကြီးရွာက မမာရီဆိုတဲ့အမျိုးသမီးတစ်ဦး အချိန်မီဆေးကုသခွင့်မရလိုက်ဘဲ ထွက်ပြေးရင်း သေဆုံးခဲ့ပါတယ်။
ပုံစာ-ကျွန်းလှနယ်ထဲက မြွေကိုက်ခံရတဲ့စစ်ရှောင်တစ်ဦး
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

