ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၉ (မော်ကွန်း)
ထိုင်းနိုင်ငံကဝင်ရောက်ခဲ့တဲ့ လေဖိအားနည်းဆဲလ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲနေတာကြောင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ပြီးခဲ့တဲ့ နာရီပိုင်းကထုတ်ပြန်ပါတယ်။
“လေဖိအားနည်းရပ်ဝန်းဆိုတဲ့အတိုင်း ဧရိယာကကျယ်ပြန့်တယ်။ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိမ်ထုကြီးဖုံးလွမ်းနေတာရှိတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ မိုးများတာ၊ လေပြင်းတိုက်ခတ်တာတွေဖြစ်လာနိုင်တယ်။ ဒီလေဖိအားနည်းရပ်ဝန်းက အိန္ဒိယကမ်းခြေရောက်တဲ့အခါ အင်အားကောင်းသွားဖို့ရှိတယ်။ တစ်ချက်တော့စောင့်ကြည့်ရဦးမယ်။” လို့ သူကပြောပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ရခိုင်ကမ်းရိုးတန်း၊ ကမ်းလွန်ဒေသတွေနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ််ပိုင်းမှာ ဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီ အတွင်း အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်ပြောင်းလဲသွားဖို့ရှိတယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာတော့ မိုးအဆက်မပြတ်ရွာသွန်းနေတယ်လို့ ဘင်္ဂလားပင်လယ်အော်နဲ့ နီးတဲ့ ပေါက်တောမြို့နယ်မှ ဒေသခံတွေကပြောပါတယ်။
“နံနက် ၁၀:၀၀ နာရီလောက်ကစပြီး ရွာနေတာ အခုထိမတိတ်သေးဘူး။ ရွာထဲကတစ်ချို့နေရာတွေမှာ ရေလျှံတာတွေရှိပေမယ့် လေပြင်းတိုက်တာတွေတော့မရှိသေးဘူး။” လို့ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို လေဖိအားနည်းဆဲလ်ဝင်ရောက်ခဲ့တာကြောင့် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းကျရောက်တာ၊ မြေပြိုမှုတွေပါဖြစ်ပွါးခဲ့ပါတယ်။
မနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စန္ဒဝတ်ကျေးရွာ၊ ပုလဲသွယ်ရပ်ကွက်မှာ မိုးသက်လေပြင်းကျရောက်တာကြောင့် တောင်သားနံရံတွေပြိုကျပြီး တောင်ခြေက နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ- စက်တင်ဘာ ၂၉ ရက်၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည့်မြင်ကွင်း
ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Dailynews