ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း)
တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ နိုင်ငံကူးလက်မှတ် (Passport) နဲ့ တရုတ်နဲ့မြန်မာနိုင်ငံသားတွေ ဝင်ထွက်သွားလာခွင့်ကို လာမယ့်လပိုင်းအတွင်း ခွင့်ပြုသွားဖွယ်ရှိတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံသားသောင်းနဲ့ချီပြီး အဆိုပါလက်မှတ်နဲ့ဝင်ရောက်ခွင့်ရဖို့အတွက် မူဆယ်နယ်စပ်ဂိတ်တွေမှာ စောင့်ဆိုင်းနေပါတယ်။
ယာယီ နယ်စပ်ဖြတ်သန်းခွင့်ကတ် (Temporary Border Pass – TBP)နဲ့ တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ဂေါင်မြို့တွေမှာ ခြောက်ညအိပ် ခုနှစ်ရက်ကြာ သွားလာ၊ နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ဂေါင် မြို့တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ နိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ် (Passport) နဲ့ ဝင်ထွက်သွားလာခွင့်ပြုဖို့ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးစနစ်တွေ၊ စက်ကိရိယာပစ္စည်းတွေ စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ယခုလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ မူဆယ်မြို့က တရုတ်နယ်စပ်ဝင်ပေါက်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့မှာ နိုင်ငံကူးလက်မှတ်နဲ့ ဝင်ရောက်ခွင့်ပြုဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေ စတင်လုပ်ဆောင်နေပြီး လာမယ့်လပိုင်းအတွင်း ခွင့်ပြုပေးသွားဖွယ်ရှိတယ်လို့ နယ်စပ်ဂိတ်မှာ ကူညီနေတဲ့ မူဆယ်ဒေသခံ ပရဟိတအဖွဲ့ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“အခုက စက်တွေတပ်ဆင်နေ လုပ်ဆောင်နေတာတွေ လုပ်နေပြီပေါ့။ ကျွန်တော်တို့ ကြားသိရသလောက်တော့ အောက်တိုဘာလထဲမှာ ခွင့်ပြုပေးသွားဖို့ရှိတယ်လို့ သိရတယ်” လို့ ၎င်းက ပြောပါတယ်။
ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဟာ တရုတ်နိုင်ငံထဲ ယာယီလည်ပတ်ခွင့်သာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်မရှိပေမယ့် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအများစုဟာ အဆိုပါ ကတ်တွေကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်နေမှုတွေရှိတယ်လို့ မူဆယ်ဒေသခံ တစ်ဦးကပြောပါတယ်။
“ဟိုဘက်မှာက အဲ့ဒီကတ်နဲ့ပဲ အလုပ်ရှင်နဲ့ နားလည်မှုယူပြီး အလုပ်လုပ်နေတာအများကြီးရှိတယ်။ အခုက ပတ်စ်ပို့နဲ့ ဝင်ခွင့်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ နိုင်ငံကူးလက်မှတ် (Passport) နဲ့ ဝင်ရောက်ခွင့်ပြုမယ်ဆိုပါက မြန်မာအလုပ်သမားတွေအတွက် စရိတ်ပိုမိုသက်သာနိုင်ပြီး လုံခြုံမှုလည်းရှိလာမှာဖြစ်တယ်လို့ မူဆယ်ဒေသခံ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ယာယီကတ်က အကန့်အသတ်ရှိတယ်၊ ရွှေလီထိပဲ အများဆုံးသွားလို့ရတယ်။ ပြီးတော့ ကတ်သက်တမ်းကလည်း တစ်ပတ်ပဲဆိုတော့ ပြန်ဝင်ပြီး ပြန်လုပ်ရမှာနဲ့ စရိတ်တွေ တော်တော်ကုန်တယ်။ Passport နဲ့ ဆိုတော့ ဗီဇာသက်တမ်းရှိသလောက် နေလို့ရတော့ ပိုအဆင်ပြေတယ်။ ပြီးတော့ တရုတ်ရဲတွေ ရစ်မှာလည်း သိပ်မကြောက်ရတော့ဘူးပေါ့” လို့ သူက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ကို ယခုလ ၄ ရက်က စတင်ပြီး ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်တွေနဲ့ စတင်ဖြတ်သန်းခွင့်ပေးလိုက်တာဖြစ်ပြီး ယခုလအတွင်းမှာ ယာယီကတ်နဲ့ ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၆,၀၀၀ ခန့်ရှိတယ်လို့ အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကနေ ဖြတ်သန်းသွားလာခွင့်ကို ကိုဗစ်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ အတွင်းက ယာယီပိတ်ထားခဲ့တာဖြစ်ပြီး သုံးနှစ်ကျော်အကြာမှာ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
ပုံစာ – တရုတ်နိုင်ငံထဲ ယာယီဖြတ်သန်းခွင့်ကတ်နဲ့ ဝင်ရောက်ခွင့်ရဖို့ ညဘက်ထိ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားများ
ဓာတ်ပုံ – ကမ်းလက် လူမှုကူညီရေးအဖွဲ့ (မူဆယ်)
#Dailynews

