ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၇ (မော်ကွန်း)
ယခင်လက တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ဝန်းကျင်ထိမြင့်တက်ခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ လက်ရှိမှာ တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ဝန်းကျင်ထိ ကျဆင်းသွားတယ်လို့ ဈေးကွက်အတွင်း ဈေးဖွင့်လှစ်မှုတွေအရသိရပါတယ်။
ဒီနေ့မနက်ပိုင်း ဈေးဖွင့်လှစ်မှုတွေအရ ၁၆ ပဲရည် တစ်ကျပ်သားကို ၃၃ သိန်း ၈သောင်း ဝန်းကျင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ရွှေဈေး အကျဘက်ကိုဦးတည်လာတာဟာ သီတင်းနှစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး ကျပ်နှစ်သောင်းတန် မထွက်ခင်က ဈေးနှုန်းကို ပြန်လည်ရောက်ရှိလာတယ်လို့ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။
“ဒေါ်လာဈေးကျပြီးကတည်း ရွှေဈေးလည်းထိုးကျလာတာ။ အပြင်မှာ ကမ္ဘာ့ရွှေဈေးကလည်း အကျဘက်ရောက်နေတာကြောင့် ဆက်တိုက်ထိုးကျလာတာ” လို့ ၎င်းကပြောပါတယ်။
ပြည်တွင်းအခေါက်ရွှေဈေးဟာ ယခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၃၇ သိန်းဝန်းကျင်မှာ ရှိရာက တရိပ်ရိပ်ကျဆင်းလာပြီး ယခုသီတင်းပတ် တနင်္လာနေ့မှာ တစ်ကျပ်သားကို ၃၅ သိန်းအောက်ကို စတင်ကျဆင်းလာကာ လက်ရှိမှာ ၃၃ သိန်းကျော်မှာ ဆက်လက်ရှိနေတာပါ။
ယခုလပိုင်းအတွင်း ဒေါ်လာရောင်းဝယ်သူတွေကို အဖမ်းအဆီးတင်းကြပ်လိုက်ပြီးနောက် ပြည်တွင်းဒေါ်လာဈေးဟာလည်း တစ်ဒေါ်လာကို ကျပ် ၃,၃၀၀ ဝန်းကျင်ကို ကျဆင်းသွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
လက်ရှိမှာ ရွှေဈေး ပြန်လည်ကျဆင်းနေပေမယ့် အရောင်းအဝယ်ကနည်းပါးနေသေးပြီး ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။
“ဝယ်မယ့်လူတွေတော့ ရှိလာတယ်။ ငွေလိုလို့ ပြန်ထုတ်ရောင်းသူတွေလည်းရှိမှာပေါ့။ ဈေးထက်ကျနိုင်လားဆိုပြီး စောင့်နေကြတာပေါ့။ အဝယ်လိုက်လာရင်တော့ ဈေးကပြန်ငြိမ်သွားမယ်။ ဈေးအရမ်းထပ်ကျသွားရင်လည်း Panic Buying လို ကြောက်ပြီး လုဝယ်တဲ့ အခြေအနေတွေလည်း ဖြစ်လာနိုင်တယ်။ အခြေအနေကို ချင့်ချိန်ပြီး အရောင်းအဝယ်လုပ်နေကြရတာပေါ့” လို့ ၎င်းက ပြောပါတယ်။
လက်ရှိပြည်တွင်းရွှေဈေးဟာ ပြင်ပဈေးကွက်မှာ တစ်ကျပ်သား ၃၃ သိန်းဝန်းကျင်မှာ ရှိနေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ သတ်မှတ်ထုတ်ပြန်ထားတဲ့ ရွှေဈေးကတော့ တစ်ကျပ်သားကို ၂၂ သိန်းဝန်းကျင်သာရှိပါတယ်။
Photo – K1 ရတနာရွှေဆိုင်
#Dailynews

